မွန်တွင် လက်ကျန်ဆားနည်းသဖြင့် ဆားကြမ်းဈေးမြင့်တက်

0
4170

မွန်ပြည်နယ်တွင် လက်ကျန် ဆားနည်းပါးလာသည့်အတွက် ဆားဈေးမြင့်တက်လာကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

ဆားထုတ်လုပ်ရာသီတွင် မိုးဖျက်၍ ဆားအထွက်နည်းခဲ့ခြင်းကြောင့် လက်ကျန်ဆားနည်းပါးလာကာ ဆားဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်မှ ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။

ဆားထုတ်လုပ်ရာသီအစဖြစ်သည့် ဇန်နဝါရီလခန့်က ဆားကြမ်းတစ်ပိဿာဈေး ကျပ် ၈၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိတွင် ဆားကြမ်းတစ်ပိဿာဈေး ကျပ် ၂၇၀ အထက်ရှိနေကြောင်း ဆားဈေးကွက်ထံမှ သိရသည်။

“ဆားထွက်တဲ့အချိန်မှာ မိုးဖျက်တော့ ဆားအထွက်နည်းတယ်။ အခု လက်ကျန်ဆားနည်းသွားတော့ ဈေးက ၂၇၀ လောက်ဖြစ်သွားတယ်” ဟု ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောဆိုသည်။

ယမန်နှစ် ယခုလိုကာလမျိုးတွင်မူ ဆားကြမ်းဈေးတစ်ပိဿာ ၁၃၅ ကျပ်ခန့်သာရှိကြောင်း ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

လက်ရှိတွင် ဆားဈေးကောင်းရရှိနေသော်လည်း ဆားအသစ်ထွက်သည့်အချိန်တွင် ဈေးပြန်ကျသွားနိုင်သည်ဟုလည်း ဆားလုပ်ငန်းရှင်တို့က ခန့်မှန်းထားသည်။

“ဆားထွက်တဲ့အချိန်ကျရင် ဈေးတော့ ပြန်ကျမှာပဲ။ ဒါပေမဲ့ ဘယ်လောက်ကျမလဲတော့ မသိဘူး” ဟု ရေးမြို့နယ်က ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်ပြင်ဆင်ကြပြီး နိုဝင်ဘာလ လဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှမ်းခြင်းကို စတင်လုပ်ကိုင်ကြကာ ဒီဇင်ဘာ၊ ဇန်နဝါရီလမှ ဧပြီ မေလဆန်းပိုင်းအထိ ဆားကြမ်းထုတ်လုပ်ကြသည်ဟု ပငဆားတောင်သူတို့၏ ပြောပြချက်အရ သိရသည်။

မွန်ပြည်နယ်မှ ထွက်သည့်ဆားများကို ပြည်နယ်အတွင်း အသုံးပြုသည့်အပြင် အထက်မြန်မာပြည် မန္တလေးဈေးကွက်၊ ကရင်ပြည်နယ်နှင့် တနသာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချနေသည်ဟု ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ ကျိုက်ခမီမြို့နှင့် စက်စဲ၊ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျွေရွာတို့မှာ နေလှမ်းဆား တန်ချိန်သောင်းနှင့်ချီ ထုတ်လုပ်ရာဒေသဖြစ်သည်။