ဖောင်းတောရေအားလျှပ်စစ် အဆင့်မြှင့်ရန်အတွက် ရေကာတာအသစ်တည်ဆောက်ရန် စီစဉ်

0
6273

ထားဝယ်မြို့နယ် အရှေ့တောဒေသ ဖောင်းတော‌ကျေးရွာရှိ ရေအားလျှပ်စစ်စက်ရုံငယ်ကို ၂၀ မဂ္ဂါဝပ်ထွက်ရှိသည်အထိ အဆင့်မြှင့်တင်ရန်အတွက် ရေကာတာသစ် တည်ဆောက်ရန် စစ်ကောင်စီက စီစဉ်ကြောင်း သိရှိရသည်။

ယင်းရေအားလျှပ်စစ်စက်ရုံမှာ မူလက ၇ ဒဿမ ၅ မဂ္ဂါဝပ်သာထွက်ရှိပြီး ယခု ၂၀ မဂ္ဂါဝပ်ထွက်ရှိရန် အဆင့်မြှင့်မှုကို လပေါင်း ၂၀ အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဟု စစ်ကောင်စီခန့် တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောဆိုသည်။

အဆိုပါရေအားလျှပ်စစ်သည် ဟိန္ဒားသတ္တုတွင်း တူးဖော်ရေးလုပ်ငန်းအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးရန် အဓိကဆောက်လုပ်ထားခြင်းဖြစ်ပြီး ‌အနီးအနားကျေးရွာများကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။

လက်ရှိတွင် ဟိန္ဒားသတ္တုတွင်းမှာလည်း တူးဖော်ခွင့်သက်တမ်းကုန်ဆုံးသဖြင့် ရပ်နားထားပြီး ရေအားလျှပ်စစ်သုံး ဓာတ်အားပေးစက်ရုံမှာလည်း ရပ်နားလျက်ရှိသည်။

ကုမ္ပဏီဘက် အစီရင်ခံစာအရ ရေကာတာအသစ်ကို လက်ရှိရေကာတာ၏အထက်ဘက် မီတာ ၁၂၀ အကွာတွင်ဆောက်လုပ်မည်ဟု စုံစမ်းသိရှိရပြီး အကျယ်အဝန်း၊ အမြင့် မည်မျှရှိသည် စသည့်အသေးစိတ် အချက်အလက်ကိုမူ မသိရသေးပေ။

၂၀ မဂ္ဂါဝပ် ဖောင်းတောရေအားလျှပ်စစ် အဆင့်မြှင့်တင်မှု စီမံကိန်းကို ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမီတက်မှ ဆောင်ရွက်ခွင့်ရထားပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက နားလည်မူစာချွန်လွှာ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

ရေကာတာအသစ်ကို ထားဝယ်မြို့မှ ၂၁ မိုင်ခန့် အကွာအဝေးတွင်ရှိသည့် ဖောင်းတောရွာထိပ်ရှိ  ဖောင်းတောကြီးချောင်း ရေတံခွန် အပေါ်ပိုင်းတွင် ဆောက်လုပ်မည်ဖြစ်သည်။

ဖောင်းတောကြီးချောင်းသည် နွားလဘို့တောင်တွင် ချောင်းဖျားခံစီးဆင်းလာပြီး ဖောင်းတောကြီးရွာ၊ ဟင်းကပိရွာ၊ ကျိုက်ထီးလန်ရွာ၊ မိုင်းလေးဆယ်ရွာဟူသည့် ကျေးရွာငါးရွာခန့်ကိုဖြတ်ပြီး ဘန်းချောင်းထဲသို့ စီးဝင်သည်။

ဖောင်းတောရွာတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများမှာ မကြာခဏ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။

ယင်းကဲ့သို့ ရေအားလျှပ်စစ်အား အဆင့်မြှင့်တင်မည်ဆိုသည်ကို ကုမ္ပဏီဘက်က ပြီးခဲ့သည့် ဖေဖော်ဝါရီလက လာရောက်ပြောဆိုထားကြောင်း ဒေသခံအချို့က ပြောသည်။

သို့သော် ဖောင်းတောရေအား လျှပ်စစ်စက်ရုံကို သာမန်သာ အဆင့်မြှင့်တင်မည်ဟု သိရှိထားပြီး ၂၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထွက်ရှိသည်အထိ အဆင့်မြှင့်တင်မည်ဟု မသိရှိကြောင်း ဒေသခံအချို့ကဆိုသည်။

“ဒီဖြစ်စဉ်တစ်ခုလုံးကို သူတို့(ကုမ္ပဏီ) က လက်တစ်လုံးခြား လုပ်သွားတာတွေ့ရတယ်။ သူတို့လာတုန်းကတော့ အဟောင်းကြီးကို ပြန်လည်မွန်းမံပြီးတော့မှာ အန္တရာယ်မရှိပါဘူး။ အဲလိုသဘောမျိုး ရွာသားတွေကို လာဆွေးနွေးသွားတယ်။ အခုကျတော့ ကြီးကြီးမားမားကြီး လုပ်ချလာတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယခုလ အစောပိုင်းတွင်မူ ဖောင်းတော ရေအားလျှပ်စစ်စက်ရုံ အဆင့်မြှင့်တင်မည်ဆိုသည့် ကုမ္ပဏီက ရွာသို့ရောက်လာပြီး မြေပြင်ရှင်းလင်းခြင်း၊ ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ခြင်းတို့ လုပ်ဆောင်သည့်အချိန်မှ ၂၂ မဂ္ဂါဝပ် အထိ ထုတ်လုပ်မည်ကို သိရှိရကြောင်း ဒေသခံအချို့က ဆိုသည်။

ဒေသခံတို့က ၂၂ မဂ္ဂါဝပ်ဟုဆိုပြီး စစ်ကောင်စီ၏ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကမူ ၂၀ မဂ္ဂါဝပ်ဟုဆိုသည်။

ဒေသခံတို့ကမူ ယခုဆောက်မည့် ရေကာတာအထက်ပိုင်းတွင် ၎င်းတို့ထိန်သိမ်းထားသည့် သစ်တောများ ရေလွှမ်းပျက်စီးမည်ကို စိုးရိမ်နေကြသည့်အပြင် အခန့်မသင့်လျှင် ရေကာတာပြိုကျလာမည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

ယင်းအပြင် ဇီဝမျိုးကွဲမျိုးစုံနှင့် ကုန်းနေသတ္တဝါများ ရေလွှမ်းမိုးမှုကြောင့် သေကျေပျက်စီးပြီး သဘာဝဂေဟစနစ် ပျက်စီးသွားမည်ကိုလည်း စိုးရိမ်လျက်ရှိသည်။

“သူတို့( ကုမ္ပဏီ)ရဲ့ report (အစီရင်ခံစာ) ထဲမှာ positive points (ကောင်းတာ၊ အပြုသဘောဆောင်တာ) တွေပဲရေးထားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီဘက်ကမူ အဆိုပါရေအားလျှပ်စစ်မှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ထားဝယ်ခရိုင်ထဲသို့ ဖြန့်ဖြူးမည်ဖြစ်ပြီး ပိုလျှံပါက မဟာဓာတ်အားလိုင်းထဲသို့ ထည့်သွင်းမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဖောင်းတောကျေးရွာသည် ကရင်အမျိုးသားစည်းရုံ (KNU) တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်းရှိသော်လည်း KNU ဘက်မှ ‌ရေအားလျှပ်စစ်ဆောက်မည့်ကိစ္စ တစ်စုံတစ်ရာပြောကြားခြင်းမျိုးမရှိသေးကြောင်း ဒေသခံအချို့ကဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေအားလျှပ်စစ် အဆင့်မြှင့်တင်ခြင်းနှင့် လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများလုပ်ကိုင်ရန်အတွက် စစ်ကောင်စီနှင့် ပန်းသိင်္ဂီကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာရေးထိုးထားခြင်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၈၃ နှစ် (၁၉၃၉ ခုနှစ်) ခန့်က စတင်လည်ပတ်ခဲ့သည့် ဖောင်းတောရေအားလျှပ်စစ်ကို ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက် ၂၀၁၀- ၂၀၁၅ ခုနှစ်ကတည်းက ထိုစဉ်က တနင်္သာရီတိုင်းဝန်ကြီးချုပ်ဖြစ်သူ ( လက်ရှိ စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်) ဦးမြတ်ကိုက အဆင့်မြှင့်တင်ရန် စီစဉ်ခဲ့သေးသော်လည်း အကြောင်းကြောင်းကြောင့် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။