ထားဝယ်မြို့တွင် ဆိုင်ကယ် တင်းတင်းကျပ်ကျပ်စစ်ဆေးဖမ်းဆီး၊ ပြည်သူများအခက်တွေ့

0
5282

ထားဝယ်မြို့တွင် ယခုလလယ်ခန့်မှစပြီး ‌ဆိုင်ကယ်မောင်းနှင်သူများကို တင်းတင်းကျပ်ကျပ်စစ်ဆေးလာပြီး ဂါဝန် ဝတ်ဆင်သူများ၊ ဆိုင်ကယ်ခြေနင်းတုံး ချစီးနင်းမှုများကိုပင် ဖမ်းဆီး ဒဏ်ငွေရိုက်‌နေကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြို့၏ အဓိကလမ်းဆုံလမ်းခွများတွင်သာမကဘဲ လမ်းသွယ်၊ လမ်းကြားထဲအထိ ရွှေ့လျားပုံစံဖြင့် စစ်ဆေးနေပြီး မီးလင်းစတေကာမှစပြီး ကညန ဖောင်းကြွနံပါတ်ပြားစသည်ဖြင့် ယခင်က မစစ်ဆေးဖူးသည်များကိုပါ စစ်ဆေးပြီး မပြည့်စုံပါက ဒဏ်ငွေရိုက်ကြောင်း ခရီးသည်အချို့က ပြောသည်။

“ဒီနေ့ဆိုရင် ပိုဆိုးလာတယ်။ မနက်စောစော ၇ နာရီလောက်ကတည်းကနေပြီး ညနေ ၆ နာရီကျော်လောက်အထိကို စစ်တာရှိလာတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ စစ်ဆေးဖမ်းဆီးမှုကို ယာဉ်ထိန်းရဲများသာမကဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များကပါ လက်နက်အပြည့်အစုံဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း စစ်ဆေးခံရသူအချို့က ပြောဆိုသည်။

“ကျွန်မတို့မှာ ပစ္စည်းအားလုံးအစုံပါပေမယ့် ဆိုင်ကယ်ဦးထုပ်မှာ မေ့သိုင်းကြိုးလေးက နည်းနည်းချောင်နေလို့ တရားရုံးမှာ ဒဏ်ငွေဆောင်ရမယ်လို့ ပြောပါတယ်” ဟု ထားဝယ်မြိုခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုများလာသဖြင့် အမျိုးသားအဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ညွှန်ကြားချက်ဖြင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မော်တော်ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာရမည့် အချက်များကိုလည်း ယင်းဌာနက ထုတ်ပြန်ထားသည်။

သို့သော် ထားဝယ်မြို့တွင်မူ ဥပဒေအရ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များတွင် မပါသည့် အမျိုးသမီးများ ဂါဝန်ဖြင့် ဆိုင်ကယ်မောင်းနှင်ခြင်း၊ ဆိုင်ကယ်အနောက်မှ ခွပြီးစီးလိုက်ခြင်းတို့ကိုပါ စစ်ဆေးပြီး ဖမ်းဆီးနေကြောင်း ဒေသခံတို့က ပြောသည်။

ယင်းအပြင် ‌ဆိုင်ကယ်အနောက် ခြေနင်းတုံး ချစီးနင်းခြင်းတို့ကိုပါ ဖမ်းဆီးစစ်ဆေးနေကြောင်း ပြောဆိုကြသည်။

တိုင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူကမူ “ဂါဝန်နဲ့ မစီးရတို့ ဘာတို့တော့ မရှိပါဘူး” ဟု ဆိုသည်။

(ယ) နံပါတ်ပြားများကိုမူ အင်္ဂလိပ်အက္ခရာသို့ ပြောင်းပေးနေပြီး နံပါတ်ပြားမှာထားသည့် အဆင့်တွင်မူ (ယ) နံပါတ်ပြားတပ်ပြီး မောင်းနှင်နိုင်မည်ဖြစ်ပြီး အင်္ဂလိပ်အက္ခရာ နံပါတ်ပြား လျှောက်ထားသည့် ချလံစာရွက်ဖြင့်မူ ‌မောင်နှင်ခွင့်မရှိကြောင်း ၎င်းကဆိုသည်။

ဂါဝန်ဝတ်ဆင်မောင်းနှင်သူများကို စစ်ဆေးနေခြင်းမှာ ဂါဝန်အစဆိုင်ကယ်ထဲဝင်ပါ အန္တရာယ်ဖြစ်နိုင်သဖြင့် စစ်ဆေးခြင်းဖြစ်ကြောင်း တိုင်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ဆိုသည်။

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာက ထုတ်ပြန်ထားသည့် မော်တော်ယာဉ်မောင်းနှင်သူများ လိုက်နာရမည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိက ပြစ်ဒဏ်တစ်ခုချင်းစီအတွက် သုံးသောင်းကျပ်ထက်မပိုသော ဒဏ်ငွေ ဆောင်ရမည်ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

သို့သော် အချို့မှာ သတ်မှတ်ငွေပမာဏထက်ပိုဆောင်ခဲ့ရသူများလည်းရှိကြောင်း မြို့ခံအချို့ကဆိုသည်။

လတ်တလောတွင်မူ ထားဝယ်မြို့ထဲ မော်တော်ဆိုင်ကယ် စစ်ဆေးဖမ်းဆီးမှု ပိုများလာသဖြင့် သွားရေးလာရေး အခက်တွေ့နေရကြောင်း မြို့ခံအချို့ကဆိုသည်။

“အခုက လမ်းဆုံတွေမှာ စစ်တာတစ်ခုတည်းမဟုတ်ဘဲနဲ့ စစ်သားတွေက ကားနဲ့လိုက်ပြီးတော့ စစ်နေတာ။ ပြီးတော့ သူတို့မှာက လက်နက်တွေအပြည့် ချိန်ထားပြီးတော့မှ ဝိုင်းပြီးစစ်တာဆိုတော့ သေမလောက်အောင်ကို ကြောက်ရတယ်” ဟု အစစ်ခံရဖူးသည့် မြို့ခံတစ်ဦးက ဆိုသည်။

ကိုယ်တိုင်အစစ်ဆေးခံရသူ သုံးဦးအား မေးမြန်းရာ နှစ်ဦးက တရားရုံးတွင် ဒဏ်ငွေဆောင်ရသည်ဟုပြောဆိုပြီး ကျန်တစ်ဦးကမူ ဖမ်းဆီးသည့်နေရာတွင်ပင် ဒဏ်ငွေဆောင်ရကြောင်း ပြောဆိုသည်။

တနင်္သာရီတိုင်းသည် ဒေသအတွင်း လမ်းပမ်းဆက်သွယ်ရေးအတွက် ဆိုင်ကယ်ကို အများဆုံးအသုံးပြုကြသည်။