ကျိုက်ထိုတွင် ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံး

0
3893

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့က ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။

သိမ်ဇရပ်မြို့ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သည့် ဦးအေးလွင်နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းတို့ကို အမည်မသိ သေနတ်သမားတို့က စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က နေအိမ်သို့ လာရောက်ပစ်ခတ်သွား ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းသည် ဦးခေါင်းတွင် ရရှိသည့် ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးအေးလွင်ကမူ ဒဏ်ရာရရှိသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“သူတို့ လင်မယား အိမ်မှာရှိနေတဲ့အချိန်မှာပဲ သေနတ်သမားတွေက ကားနဲ့ ရောက်လာပြီးတော့ ဝင်ပစ်သွားတယ်။ နှစ်ယောက်စလုံးကို ပစ်သွားတာ” ဟု ၎င်းတို့ ဇနီးမောင်နှံနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

ပခုံးနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့သည့် ဦးအေးလွင်ကို သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် ပို့ဆောင် ဆေးကုသပေးနေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဇနီးမောင်နှံကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

၎င်းတို့ဇနီးမောင်နှံ ပစ်ခတ်ခံရပြီးနောက် သိမ်ဇရပ်မြို့တွင် စစ်ကောင်စီတို့က လုံခြုံရေး တင်းကျပ်ထားသည့်အပြင် ရှာဖွေစစ်ဆေးမှုများလည်း လုပ်ဆောင်နေသည်ဟု မြို့ခံတို့က ပြောသည်။