မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းသူ ထိုင်းအမျိုးသားကို ဖမ်းမိ၊ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

0
5035

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးစားသော ထိုင်း အမျိုးသားကို ဖမ်းမိထားပြီဖြစ်ပြီး ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာမိန်းကလေးကို အိမ်ဖော်အဖြစ်အလုပ်ပေးမည်ဟုဆိုကာ ဟိုတယ်သို့ လိမ်ခေါ်ပြီး အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

အသက် ၃၉နှစ်အရွယ် စူဖာချိုင်း ခေါ် နိုင်အိုမ်းဆိုသူကို စက်တင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းတွင် နွန်ထဘူရီခရိုင် ဘန့်ဘိုဝ်ထွန်းဒေသရှိ သူ၏ရည်းစားဖြစ်သူနေအိမ်မှ ထွက်ပြေးရန်ပြင်ဆင်နေစဉ်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရေးသားသည်။

မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးစားသော အဆိုပါအမျိုးသားကို ဖခင်ဖြစ်သူက ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် နွန်ထဘူရီခရိုင်တရားရုံးက စက်တင်ဘာလ ၂၃ ရက်တွင် ဖမ်းဝရမ်းထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ကားနှင့်ဖုန်းကိုပါ သိမ်းဆည်း ရမိပြီး တစ်နာရီကြာ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ခဲ့မိသည်ဟု ၎င်းက ဝန်ခံထွက်ဆိုကြောင်း ထိုင်းရဲတပ်ဖွဲ့ပြောဆိုချက်ကို အခြေခံကာ သတင်းများတွင် ရေးသားသည်။

မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ ခွင့်ပြုချက်မပါဘဲ အသက် ၁၅ နှစ်အောက် ကလေးကို လိမ်လည်ခေါ်ဆောင်မှုနှင့် အသက် ၁၅နှစ်အောက် မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြိုးစားမှု စသော အမှုနှစ်မှုတို့ဖြင့် အမှုဖွင့်လှစ်ထားပြီး နွန်ထဘူရီတရားရုံးသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း‌ ဖော်ပြသည်။

“အခုက ကာယိန္ဒြေပျက်စီးမှုထက် ပိုသွားပြီထင်တယ်။ Attempt to rape ဆိုတာက သူ့ရဲ့ဘဝကိုဖျက်ဆီးဖို့ ကြိုးစားတဲ့သဘော၊ ဖြစ်မသွားတာက တစ်ပိုင်းပေါ့။ အင်္ကျီတွေမှာ သုတ်ပိုးတွေ့ရင်တော့ ဖြစ်တယ်ဆိုတာမျိုးတော့ အကျုံးဝင်နိုင်တယ်” ဟု မြန်မာသံရုံးမှ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ပြောသည်။

အသက် ၁၅နှစ်မှ နှစ်၂ဝအတွင်းရှိ မိန်းကလေးအိမ်ဖော်အလိုရှိသည်ဟု ထိုင်းဘာသာဖြင့်ရေးထားသည့် Facebook ပေါ်က ကြော်ငြာကိုတွေ့သဖြင့် ဖခင်ဖြစ်သူက သမီးအတွက် စက်တင်ဘာလ ၂၁ ရက်က လျှောက်ထားခဲ့သည်။

အလုပ်ခေါ်သည့်ပွဲစားနှင့် သိကျွမ်းမှုမရှိဘဲ မြန်မာမိန်းကလေး၏ ပုံနှင့်အချက်အလက်များကို ဖခင်ဖြစ်သူက ပေးပို့ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။  

ထိုင်းဘာသာဖြင့် “စူဖာချိုင်းရင်နိယွမ်း” အကောင့်ပိုင်ရှင်က အလုပ်ခန့်အပ်ရန် လက်ခံသဖြင့် လာပို့ရန် ချိန်းဆိုသည့် Makro ကုန်တိုက်ရှေ့တွင် ဖခင်က သမီးဖြစ်သူကို သွားရောက်ပို့ဆောင်ခဲ့သည်။

ကုန်တိုက်ရှေ့တွင် စောင့်ဆိုင်းနေသည့် ထိုင်းအမျိုးသားက မြန်မာမိန်းကလေးအား ကားဖြင့်ခေါ်ဆောင်သွားပြီး အလုပ်ကို ပို့ရမည့်အစား ဟိုတယ်တစ်ခုသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဟိုတယ်အရောက်တွင် အဓမ္မပြုကျင့်ရန် ကြိုးစားသော်လည်း မြန်မာမိန်းကလေးက ငိုယိုကာ ငြင်းဆန်ခဲ့သဖြင့် သူမ၏ လက်ဖြင့် Masturbate လုပ်ရန် ထပ်မံခြိမ်းခြောက်ခဲ့ပြီးနောက် ကိစ္စများပြီးမြောက် သွားသောအခါတွင် ဟိုတယ်အနီးရှိ Lotus ဆိုင်ရှေ့သို့ ခေါ်ဆောင်လာခဲ့ကြောင်း ဖော်ပြထားသည်။

ကြောက်လန့်တုန်လှုပ်နေသည့် မြန်မာမိန်းကလေးတွင် ပါလာသည့် ဘတ် တစ်ထောင်ကိုလည်း ခြိမ်းခြောက် တောင်းယူသွားပြီး ဆိုင်ရှေ့တွင် တစ်ယောက်တည်း ပစ်ထားခဲ့ပြီးနောက် ထိုင်းတက္ကစီသမားတစ်ဦးက မြန်မာမိန်းကလေးကို မြင်ကာ အိမ်သို့ကူညီပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် စက်တင်ဘာလ ၂၃ ရက်တွင် ဖခင်ဖြစ်သူက ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

တရားမျှတမှု မရရှိမည်ကို စိုးရိမ်သဖြင့် ပဝီးနားဖောင်ဒေးရှင်းသို့ အကူညီတောင်းခံခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

အကူအညီတောင်းခံ တိုင်ကြားစာကို လက်ခံရရှိကြောင်း ပဝီနားဖောင်ဒေးရှင်း ဥက္ကဋ္ဌဖြစ်သူ Ms. Paweena Hongsakul ပြောကြားထားပြီး ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးမည်ဟု ပြောဆိုကြောင်း သတင်းများတွင် ရေးသားသည်။

PAVENA Foundation သည် ကလေးများနှင့် မိန်းကလေးများ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုနှင့် ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခံရမှု စသော အကြမ်းဖက်ခံရမှုများကို ကူညီဖြေရှင်းဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။

တိုင်ချက်ရပြီးနောက် မြန်မာမိန်းကလေးနှင့် တွေ့ဆုံခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ကနဦး စုံစမ်းမေးမြန်းခဲ့ကြောင်း Ms. Paweena Hongsakul က ပြောသည်။

ဆိုရှယ်မီဒီယာများတွင် ကြော်ငြာထားသော အလုပ်ခေါ်စာများသည် ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများ အဓိက ပစ်မှတ်ထားသော နေရာများဖြစ်သဖြင့် မယုံကြည်သင့်ဘဲ သေသေချာချာ စစ်ဆေးသင့်ကြောင်း ၎င်းက ပြောဆိုသည်။

ထိုင်းရဲတပ်ဖွဲ့က အဆိုပါအမျိုးသားကို ဟိုတယ်သို့ ခေါ်ဆောင်သရုပ်ပြခိုင်းပြီး တိုင်တန်းချက် မရှိသော်လည်း အလားတူဖြစ်ရပ်မျိုး ကျူးလွန်ထားခြင်း ရှိမရှိကို ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဟု ပြောဆိုထားကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

ဧပြီလအစောပိုင်းတွင်လည်း အလုပ်ခန့်မည်ဟု ဆယ်ကျော်သက် မြန်မာမိန်းက‌လေးတစ်ဦးကို လိမ်ခေါ်ပြီး လက်ထိပ်ခတ်ကာ ထိုင်းနိုင်ငံသား တက္ကစီယာဉ်မောင်းက အတင်းအဓမ္မပြုကျင့်ခဲ့သေးသည်။ အဆိုပါတက္ကစီသမားကို ဩဂုတ်လ ၂ရက်တွင် တရားရုံးက ထောင်ဒဏ် ၁၃ နှစ် ၉ လနှင့် ငွေဒဏ် ပြစ်ဒဏ်ချခဲ့သည်။

Ref: Matichon Online, MGR Online