လောင်းလုံး၊ပန်းဒလဲရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

0
4831

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင် ယနေ့ (စက်တင်ဘာ ၂၅) မနက်ပိုင်းက အသက် လေးဆယ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ပစ်သတ်ခံရသူမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ ဒေသမှဖြစ်ပြီး ပန်းဒလဲရွာသူနှင့်အိမ်ထောင်ကျကာ ယင်းကျေးရွာတွင်နေထိုင်သည့် ရေခဲလုံး(ခေါ်)ဦးရဲထွန်း ဆိုသူဖြစ်ပြီး ပန်းဒလဲရွာပျူစောထီးအဖွဲ့ဝင် ဖြစ်သည်ဟုလည်း ဒေသခံများထံမှသိရသည်။

ယနေ့ နံနက် ခုနှစ်နာရီဝန်းကျင်ခန့်က ပန်းဒလဲရွာ အထက်တန်းကျောင်းအနီး ကျန်းမာရေးလမ်းဘေးတွင် မှောက်လျက်သေဆုံး နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“လက်ကွက်ထဲမှာ မှောက်လျက်နဲ့ လမ်းမပေါ် ခြေထောက်တင်ပြီး သေနေတယ်။ ခြေသလုံးမှာကတော့သွေးတွေနဲ့ နောက်ပြီး ကျမ်းမာရေးလမ်းပေါ်က ဘေးမတံတား မှာလည်း သွေးကွက်တွေ မနည်းဘူး။ သူ့စီးတဲ့စက်ဘီးကိုလည်း အဲဒီနားမှာပဲ တွေ့ရတယ်”ဟု ၎င်းကပြောသည်။

သေဆုံးသူအမျိူးသားမှာ ပြီးခဲ့သည့်လပိုင်းက ပျူစောထီးအဖွဲ့မှ ထွက်တော့မည်ဟု ဒေသခံများကိုပြောဆိုခဲ့ဖူးပြီး ရက်သတ္တပတ် တစ်ပတ်ခန့် ရွာမှ ထွက်သွားရာမှ မကြာသေးခင်က ပြန်ရောက်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောဆိုကြသည်။

ပန်းဒလဲရွာသား ရေခဲလုံး(ခေါ်)ဦးရဲထွန်းကို မည်သည့်အဖွဲ့က မည့်သည့်အကြောင်းကြောင့် ပစ်သတ်သွားသည်ဆိုသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယနေ့နံနက် ကိုးနာရီခွဲအထိ သေဆုံးသူ၏အလောင်းကို လာရောက်သယ်ယူခြင်း မရှိသေးဟုသိရပြီး ယင်းကျေးရွာလမ်းဆုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး အဖွဲ့ဝင်များပူးပေါင်း၍ စစ်ဆေးနေသည်ဟု ဒေသခံများ၏ပြောဆိုချက်အရသိရသည်။

လောင်းလုံးမြို့နယ်တွင် စက်တင်ဘာ ၂၂ ရက်မှ ၂၅ ရက်နေ့အထိ လေးရက်အတွင်း အမျိုးသားသုံးဦးအထိ ပစ်သတ်ခံခဲ့ရသည်။

စက်တင်ဘာ ၂၂ ရက်နေ့ နေလယ်ပိုင်း က အောက်ကျောက်ဝပ်ရွာသား ဖိုးကြက်ဥ(ခေါ်)ဦးမြင့်စိန်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည့် Laung Lone People Defence Force ( LLPDF )အဖွဲ့က ပစ်သတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းကလည်း သဘော့ဆိပ်ပြင်ကြီးရွာသား ဦးထွန်းမြင့်ကို Dawei Defense Team-DDT တပ်ခွဲ(၃) ထားဝယ် ပကဖ ရဲဘော်များက ပစ်သတ်ခဲ့ကြောင်း ထုတ်ပြန်သည်။