ပုလော ကျဲရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0
4252

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၂၃ ရက် ညနေက ကျဲကျေးရွာတွင် နေထိုင်သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဂွမ်တင်အား အမည်မသိ လူတစ်စုက လာရောက်ပစ်သတ်သွားကြောင်း ကျဲကျေးရွာဒေသခံများက ပြောသည်။

“ပစ်သတ်ခံရပြီး သေဆုံးသွားတာကတော့ မှန်ပါတယ်။ ဘယ်နှစ်ချက်ထိပြီး သေသွားလည်းတော့ မသိရဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

အုပ်ချုပ်ရေးမှူး၏ ရုပ်အလောင်းအား ၎င်း၏နေအိမ်တွင် ထားရှိထားဆဲဖြစ်ကြောင်း ဒေသခံများက ယနေ့မွန်းလွဲပိုင်းတွင် ပြောဆိုသည်။

ဦးဂွမ်တင်သည် ယခင်က ကမ်းဇော်ဆီ ရောင်းဝယ်လုပ်ကိုင်သူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး ဖြစ်လာကြောင်း ဒေသခံများက ပြောသည်။

၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ် စစ်ကောင်စီခန့်အုပ်ရေးမှူး အသက် ၆၀ အရွယ် ဦးဝင်းကြွယ် ပစ်သတ်ခံရသေးသည်။ ၎င်းကို မည်သူတို့က ပစ်သတ်သွားသည်ကို မသိရသေးပေ။

စက်တင်ဘာလ ၁၂ ရက်ကလည်း တောင်ယာကမ်းကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပုလောမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌဟောင်းလည်းဖြစ်သူ ဦးမောင်ယု ပစ်သတ်ခံခဲ့ရသည်။ ၎င်းကိုမူ ပုလောဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။