၁၃နှစ်အရွယ် မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းသည့် ထိုင်းအမျိုးသားကိုအမှုဖွင့်

0
5701

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် အသက် ၁၃နှစ်အရွယ် မြန်မာမိန်းကလေးကို အိမ်ဖော်အဖြစ် အလုပ်ခန့်မည်ဟု ပြောဆိုပြီး ဟိုတယ်သို့ခေါ်သွားကာ အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့သော ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးကို အမှုဖွင့်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မိန်ကလေးငယ်၏ ဖခင်ဖြစ်သူက စက်တင်ဘာ ၂၁ ရက်နေ့က ရဲစခန်းသွား၍ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ဖော်ပြသည်။

နွန်ထဘူရီခရိုင် ဘန်းဘိုဝ်ထွန်းဒေသတွင် အသက် ၁၅နှစ်မှ နှစ်၂ဝအတွင်းရှိ မိန်းကလေးအိမ်ဖော်အလိုရှိသည်ဟု ထိုင်းဘာသာဖြင့်ရေးထားသည့် Facebook ပေါ်က ကြော်ငြာကိုတွေ့သဖြင့် ဖခင်ဖြစ်သူက သမီးအတွက် စက်တင်ဘာလ ၂၂ ရက်က လျှောက်ထားခဲ့သည်ဟု ဆိုသည်။

အလုပ်ခေါ်သည့်ပွဲစားနှင့် သိကျွမ်းမှုမရှိဘဲ မြန်မာမိန်းကလေး၏ ပုံနှင့်အချက်အလက်များကို ဖခင်ဖြစ်သူက ပေးပို့ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။  

ထိုင်းဘာသာဖြင့် “စူဖာချိုင်းရင်နိယွမ်း” အကောင့်ပိုင်ရှင်က အလုပ်ခန့်အပ်ရန် လက်ခံသဖြင့် လာပို့ရန် ချိန်းဆိုသည့် Makro ကုန်တိုက်ရှေ့တွင် ဖခင်က သမီးဖြစ်သူကို သွားရောက်ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ရေးသားသည်။

ကုန်တိုက်ရှေ့တွင် စောင့်ဆိုင်းနေသည့် ထိုင်းအမျိုးသားက မြန်မာမိန်းကလေးအား ကားဖြင့်ခေါ်ဆောင်သွားပြီး အလုပ်ကို ပို့ရမည့်အစား ဟိုတယ်တစ်ခုသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဟိုတယ်အရောက်တွင် အဓမ္မပြုကျင့်ရန် ကြိုးစားသော်လည်း မြန်မာမိန်းကလေးက ငိုယိုကာ ငြင်းဆန်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ထို့ကြောင့် သူမ၏ လက်ဖြင့် Masturbate လုပ်ရန် ထပ်မံခြိမ်းခြောက်ခဲ့ပြီးနောက် ကိစ္စများပြီးမြောက် သွားသော အခါတွင် ဟိုတယ်အနီးရှိ Lotus ဆိုင်ရှေ့သို့ ခေါ်ဆောင်လာခဲ့ကြောင်း ဖော်ပြထားသည်။

ကြောက်လန့်တုန်လှုပ်နေသည့် မြန်မာမိန်းကလေးတွင် ပါလာသည့် ဘတ် တစ်ထောင်ကိုလည်း ခြိမ်းခြောက် တောင်းယူသွားပြီး ဆိုင်ရှေ့တွင် တစ်ယောက်တည်း ပစ်ထားခဲ့ကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

ယင်းနောက် ထိုင်းတက္ကစီသမားတစ်ဦးက မြန်မာမိန်းကလေးကို မြင်ကာ အိမ်သို့ကူညီပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြသည်။

သမီးဖြစ်သူကို ဖြစ်စဉ်အကုန်မေးမြန်းခဲ့ပြီးနောက် အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့သော ထိုင်းအမျိုးသားကို ဖမ်းဆီးအရေးယူပေးရန် ဘန့်ဘိုဝ်ထွန်းရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းဖြစ်ရပ်ကို သိရှိသွားပြီးနောက် ဖခင်ဖြစ်သူမှာ နောင်တရနေကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

မြန်မာမိန်းကလေးအတွက် တရားမျှတမှုရရန်အတွက် ပဝီးနားဖောင်ဒေးရှင်းသို့လည်း အကူအညီတောင်းခံ ထားကြောင်း သတင်းများတွင် ရေးသားသည်။

ဧပြီလအစောပိုင်းတွင်လည်း အလုပ်ခန့်မည်ဟု ဆယ်ကျော်သက် မြန်မာမိန်းက‌လေးတစ်ဦးကို လိမ်ခေါ်ပြီး လက်ထိပ်ခတ်ကာ ထိုင်းနိုင်ငံသား တက္ကစီယာဉ်မောင်းက အတင်းအဓမ္မပြုကျင့်ခဲ့သေးသည်။ အဆိုပါတက္ကစီသမားကို ဩဂုတ်လ ၂ရက်တွင် တရားရုံးက ထောင်ဒဏ် ၁၃ နှစ် ၉ လနှင့် ငွေဒဏ် ပြစ်ဒဏ်ချခဲ့သည်။

Ref: Matichon Online, CH 7 HD NEWS, MGR Online