လမိုင်းမြို့ နယ်ထိန်းရဲ ပစ်သတ်ခံရ

0
4321

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ နယ်ထိန်းရဲ ယနေ့ (စက်တင်ဘာ ၂၁) မွန်းလွဲပိုင်းက ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။

လမိုင်းမြို့ နယ်ထိန်းရဲ ဒုရဲအုပ် အောင်ကျော်မင်း ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံအချိုက ပြောသည်။

အဆိုပါနယ်ထိန်းရဲသည် လမိုင်းမြို့နယ် မော့ကနင်းကျေးရွာတွင် ရောက်ရှိနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ပစ်ခတ်ခံရတာက မော့ကနင်က ကားပြင်ဆိုင်မှာလို့ သိရတယ်။ သေနတ်ဒဏ်ရာတွေနဲ့ ပစ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

လမိုင်းမြို့ နယ်ထိန်းရဲကို သေနတ်ဖြင့် ၁၆ ချက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းသည် ဩဂုတ်လ ၃ ရက်နေ့က လမိုင်း ပရဟိတလူငယ် ပစ်သတ်ခံရသည့်ဖြစ်စဉ်တွင် အဓိကပါဝင်ခဲ့သူ ဖြစ်သည့် အတွက် ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟုလည်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

လမိုင်းပရဟိတလူငယ်များအဖွဲ့၏ အဖွဲ့ဝင် အသက် ၂၁နှစ်အရွယ် ကိုလင်းအောင်သည် ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က အသင်းရုံးမှ နေအိမ်သို့အပြန်လမ်းတွင် ပစ်သတ်ခံခဲ့ရသည်။

လမိုင်းရဲစခန်းနားသို့ ကပ်လာသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က မိသားစုဝင်များထံ အကြောင်းကြား ခဲ့သည်။ သို့သော်လည်း ရုပ်အလောင်းမှာ ရဲစခန်းမှ ဆိုင်ကယ်ဖြင့် ၅မိနစ်ကျော်ကြာ သွားရသည့် နောင်တော်ကြီးစေတီဘေးလမ်းတွင် တွေ့ရှိရသဖြင့် မြေပြင်အခြေအနေနှင့် ကွဲလွဲမှုရှိသည်ဟု မြို့ခံအချို့က ပြောဆိုခဲ့ကြသည်။

ရေးမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများနှင့် CDM မပြုလုပ်သော ဝန်ထမ်းများအားလုံး အမြန်ဆုံး နုတ်ထွက် ကြရန်လည်း ရေးဘီဘူးအဖွဲ့က စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သားဝန်ထမ်းများ၊ စစ်ကောင်စီ သတင်းပေးဟု ဆိုသူများကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် ဌာနဆိုင်ရာရုံးများ၊ ရဲစခန်း၊ တံတား စစ်ဆေးရေးဂိတ်တို့ကိုလည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

ယင်းအဖွဲ့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟုလည်း ကြေညာထားသည်။