ပုလောတွင် ပျူစောထီးခေါင်းဆောင်ဆိုသူ အပါအဝင် ၂ ဦးကို သက်ကြီးအမျိုးသားတစ်ဦးက ဓါးဖြင့်ဝင်ခုတ်

0
3334

ပုလောမြို့နယ်၊ ပလမြို့နယ်ခွဲ၊ တိုရွာတွင် ပျူစောထီးခေါင်းဆောင်ဆိုသူ အပါအဝင် အမျိုးသားနှစ်ဦးကို အသက် ၆၀ အရွယ်ဦးအေးဝင်းက ဓားဖြင့်ဝင်ခုတ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။

ယနေ့ (စက်တင်ဘာ ၂၁) နံနက်တွင် ဦးအေးဝင်းက ပျူစောထီးခေါင်းဆောင် ဦးမိုးထွန်းဦး အပါအဝင် နောက်အမျိုးသားတစ်ဦးကို ဓါးဖြင့်ခုတ်ခဲ့ကြောင်း၊ ဓါးခုတ်ခံရသည့် ပျူစောထီးခေါင်းဆောင်ဆိုသူ၏ လည်ပင်းတွင် ဓားဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့ပြီး နောက်တစ်ဦးမှာလည်း လက်တစ်ဖက် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံများ ကဆိုသည်။

ယင်းနောက် ရဲများမှ လာဖမ်းရာတွင် အဖမ်းမခံပဲ ပြန်လည်ခုခံသည့်အတွက် ဦးအေးဝင်းကို ရဲများက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ကျည်ဆန်ထိမှန် သေဆုံးသွားသည်ဟု ဒေသခံများထံမှထပ်မံသိရှိရသည်။

“ပထမတော့ ရဲကမိုးပေါ်ထောင်ပြီး ခြောက်ပစ်သေးတယ်။ သူကအဖမ်းမခံဘဲ ရဲကို ဓါးနဲ့ပြန်လိုက်ခုတ်တော့ ရဲတွေကသေနတ်ကြီးနဲ့ ထွက်ပြေးကြတယ်။ မရတဲ့အဆုံး သေနတ်နဲ့ပြန်ပစ်လိုက်တာ ပွဲချင်းပြီး သေသွားတယ်” ဟု ဒေသခံအမျိုးသား ကပြောသည်။

လက်ရှိ ဒဏ်ရာရသူနှစ်ဦးမှာ ပလဆေးရုံတွင် ကုသနေပြီး ဦးအေးဝင်း၏ အလောင်းကို ယနေ့မွန်းတည့်တွင် သင်္ဂြိုဟ်လိုက်ပြီဟု ဒေသခံအမျိုးသား ကပြောသည်။

ပျူစောထီး ခေါင်းဆောင်ဆိုသူက ဦးအေးဝင်းကို ခြိမ်းခြောက်ခဲ့ပြီးနောက် ၎င်းသည် ရွာမှပျောက်သွားပြီးနောက် ပြန်လာပြီးအချိန်တွင် ဓါးဖြင့်ခုတ်ခဲ့သည်ဟု ဒေသခံ များကဆိုသည်။

ဦးအေးဝင်းမှာ လှေပြုလုပ်သည့် လက်သမားဆရာ တစ်ဦးဖြစ်ပြီး ရွာတွင်အေးအေးဆေးဆေး နေတတ်သူတစ်ဦးဖြစ်သော်လည်း ယခုရက်ပိုင်းအတွင်း စိတ်ဖောက်ပြန်နေသည့် အမူအရာဖြစ်နေသည်ကို တွေ့ရကြောင်း ဒေသခံများကဆိုသည်။