ရောင်းအားကျသဖြင့် ထားဝယ်တွင် သောက်ရေသန့်များ ဈေးပြန်ချ

0
4457

ထားဝယ်မြို့အတွင်း ဖြန့်ဝေရောင်းချနေသည့် သောက်ရေသန့်များ ရောင်းအားကျလာသဖြင့် ဈေးအနည်းငယ် ပြန်ကျလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဩဂုတ်လ ဒုတိယအပတ်မှ စက်တင်ဘာ ဒုတိယအပတ်အတွင်း သောက်ရေသန့်ဈေးများ မြင့်တက်သွားပြီးနောက်ပိုင်းတွင် သောက်ရေသန့်ရောင်းအား ကျသွားကြောင်း သောက်ရေသန့်ရောင်းချသူအချို့က ပြောသည်။

ယင်းကာလက ၂၀ လီတာဝင် သောက်ရေသန့် တစ်ဘူးလျှင် ၁၅၀၀ ကျပ်အထိ မြင့်တက်သွားခြင်းဖြစ်ရာ တစ်ဘူးလျှင် ငွေကျပ် ၃၀၀ မှ ကျပ် ၆၀၀ အထိ ထပ်မံဈေးတက် သွားခြင်းဖြစ်သည်။

သောက်ရေသန့် ဈေးတက်သွားပြီး နောက်ပိုင်းတွင် ရေသန့်ရောင်းအား တစ်ရက်လျှင် ၃၀ ရာခိုင်နှုန်းခန့် (၂၀ လီတာဘူး ၄၀၀) ခန့်အထိ ရောင်းအားကျဆင်းသွားသည်ဟု ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ သမီးတော်သောက်ရေသန့်စက်ရုံမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ရေသန့် စျေးတက်သွားခြင်းကြောင့် စျေးကွက်တွင် စျေးသက်သာသော အခြားသောက်ရေသန့် တံဆိပ်များကို ပြောင်းလဲသောက်သုံးသူများလာသဖြင့် စျေးတက်သွားသည့် ရေသန့်များမှာ ရောင်းအားကျဆင်းသွားခြင်းဖြစ်သည်။

ရေသန့်စက်ကို ဒီဇယ်အင်ဂျင်(မီးစက်)ဖြင့် လည်ပတ်နေရ၍ စက်သုံးဆီဈေး မြင့်တက်မှုပေါ် မူတည်ပြီး သောက်ရေသန့် ဈေးတက်ရခြင်းဖြစ်ကြောင်း သမီးတော်သောက်ရေသန့်စက်ရုံမှ တာဝန်ရှိသူက ရှင်းပြသည်။

ယခု ရေသန့်စက်ကို လျှပ်စစ်ဖြင့် ပြန်လည်ပတ်နိုင်ပြီဖြစ်၍ ဆီဖိုးသက်သာသွားသဖြင့် စက်တင်ဘာ ၁၄ ရက်မှ စတင်ကာ ၂၀ လီတာဝင် သောက်ရေသန့် တစ်ဘူးကို ၁၀၀၀-၁၁၀၀ ကျပ်အထိ ပြန်လည် ချပေးခဲ့သည်ဟု ၎င်းကပြောသည်။

သို့သော် ယခင်ရောင်းအားအတိုင်း ပြန်မတက်လာသေးဟု ၎င်းက ဆိုသည်။

သမီးတော်သောက်ရေသန့်မှာ မူလက ၂၀ လီတာဝင် တစ်ဘူးကို ၉၀၀ ကျပ်သာဖြင့် ဝယ်ယူရသော်လည်း ဩဂုတ်လ နောက်ဆုံး အပတ်မှ စက်တင်ဘာ ဒုတိယအပတ်ခန့်တွင် တစ်ဘူးကို ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ဈေးတက်သွားသည်ဟု ထားဝယ်မြို့ခံအချို့က ပြောသည်။

အောင်ဖြိုးပိုင် သောက်ရေသန့်မှာ ယခင်က ၂၀ လီတာဝင်တစ်ဘူးကို ငွေကျပ် ၈၀၀ မှ ၁၂၀၀ ကျပ်အထိ ဈေးတက်သွားပြီး ရွှေမိသောက်ရေသန့်မှာ ယခင်က ၆၀၀ ကျပ်မှ ယခုထိ ၉၀၀ ကျပ်ဖြစ်သွားသည်ဟု ဒေသခံအချို့က ပြောသည်။

ရေသန့်တစ်ဘူးကို ၁၂၀၀ ကျပ်ဖြစ်သွားချိန်တွင် တစ်ရက်လျှင် ဘူးရေ ၁၅၀ ခန့်အထိ ရောင်းအားကျသွားသည်ဟု ၎င်းက ပြောသည်။

“ဈေးတက်ရတာက အဓိကတော့ မီတာခနဲ့ ဆီဈေးနဲ့ပေါ့နော်၊ ရေသန့်ဆိုတော့ လိုက်ပို့ပေးနေရတာဆိုတော့ ကားဆီဖိုးက တော်တော်လေး ဈေးကြီးသွားတယ်၊ Customer တွေက ဈေးကြီးတယ် ဘာညာဆိုပြီးပြောကြတော့ ၁၂၀၀ ကနေ ၁၀၀၀ ပြန်ချပေးလိုက်တယ်” ဟု ကိုဟိန်းဇင်ထက်က ဆိုသည်။

ဈေးပြန်ချလိုက်သော်လည်း ရောင်းအားပြန်မတက်လာသေးဟု ၎င်းက ပြောသည်။

ရွှေမိသောက်ရေသန့်မှာ ယခင်က ၂၀ လီတာတစ်ဘူးကို ၆၀၀ ကျပ်သာရှိသော်လည်း ယခုအခါ တစ်ဘူး ၉၀၀ ကျပ်အထိ ဈေးတက်သွားသည်ဟု ကြက်စားပြင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခက်အခဲတွေတော့ ရှိတာပေါ့နော်၊ ဈေးကြီးလာတယ်ဆိုတော့ ဝယ်သောက်မနိုင်ဘဲ ဖြစ်လာတယ်”ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ကြက်စားပြင်ရပ်ကွက်မှ အခြားအမျိုးသမီးတစ်ဦးမှာ ယခင်က သမီးတော် သောက်ရေသန့်နှင့် Water သောက်ရေသန့်ကို သောက်နေသော်လည်း သမီးတော်သောက်ရေသန့်မှာ တစ်ဘူး ၁၅၀၀ ကျပ်အထိ ဖြစ်လာသောကြောင့် ဝယ်မသောက်နိုင်တော့ဟု ဆိုသည်။

ယင်းကြောင့် သမီးတော်သောက်ရေသန့်ထက် ဈေးသက်သာသည့် Water သောက်ရေသန့်ကိုသာ ဝယ်ယူသောက်သုံးနေကြောင်း၊ Water သောက်ရေသန့်မှာ ယခင်က တစ်ဘူး ၆၀၀ ကျပ်မှ ယခု ၉၀၀ ကျပ်အထိ ဖြစ်လာသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

“အရင်တည်းကလည်း ရေသန့်ပဲသောက်လာတယ်ဆိုတော့ ရေသန့်ပဲဝယ်သောက် ဖြစ်တယ်၊ တခြားဟာတွေလည်း အကုန်ဈေးတက်နေတာဆိုတော့ သူလည်းဈေးတက်တာ မဆန်းပါဘူးလေ” ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့တွင် ကိုယ်ပိုင် အဝီစိတွင်း၊ ကိုယ်ပိုင်ရေတွင်းရှိသူ နည်းသဖြင့် သောက်ရေသန့်ကိုသာ အဓိကထား သောက်သုံးကြသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ကြက်စားပြင်ရပ်ကွက်တွင် စည်ပင်သာယာက ဖြန့်ဝေသည့် ရေပိုက်မှရေကို သောက်သုံးသူများလည်း နဂိုကတည်းကရှိကြောင်း ၎င်းက ပြောဆိုသည်။

တနင်္သာတိုင်းတွင် သောက်ရေသန့်စက်ရုံ ၃၇ ရုံခန့်ရှိပြီး ထားဝယ်မြို့ပေါ်တွင် FDA ထောက်ခံချက်ရပြီးသည့် သောက်ရေသန့်စက်ရုံ ၈ ရုံရှိသည်ဟု တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန-FDA မှ ဦးစီးအရာရှိက ပြောသည်။

သောက်ရေသန့် တံဆိပ်အချို့မှာ ဈေးတက်ပြီး ပြန်ကျလာသော်လည်း  ဈေးပြန်မကျလာသေးသည့် သောက်ရေသန့် တံဆိပ်များလည်းရှိသည်ဟု ဒေသခံအချို့က ပြောသည်။