ထားဝယ် အထက (၁) တွင် ကျောင်းသားသုံးဦးနှင့် ဆရာမနှစ်ဦး ကိုဗစ်တွေ့သော်လည်း ကျောင်းဆက်ဖွင့်ထား

0
4929

ထားဝယ်မြို့ အထက (၁) ကျောင်းတွင် မူလတန်းကျောင်းသားသုံးဦးနှင့် ဆရာမနှစ်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိ သော်လည်း ကျောင်းဆက်ဖွင့်ထားဆဲဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးနှင့် ထားဝယ်မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

စက်တင်ဘာလ ၁၉ ရက်က Grade-4 ကျောင်းသားတစ်ဦး နေမကောင်းဖြစ်သဖြင့် စစ်ဆေးရာမှာ ကိုဗစ်ပိုး စတင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နောက်တစ်ရက်တွင် Grade-4 နှင့် Grade-1 ရှိ ကျောင်းသားနှစ်ဦး၊ ဆရာမနှစ်ဦးတို့တွင် ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

ကိုဗစ်ကူးစက်ခံရသည့် ကျောင်းသားများမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ဆရာမနှစ်ဦးကို နေအိမ် ကွာရန်တင်း ထားထားကြောင်း အဆိုပါ ရုံးထံမှ သိရသည်။

“ကျောင်းပိတ်တာက ကျန်းမာရေးကပဲ သတ်မှတ်တာ။ မလိုအပ်ဘူးထင်လို့ဖြစ်မှာပေါ့။ ကျန်းမာရေးက ပိတ်ဆို တို့က ပိတ်ရတာပဲ။ ကူးစက်တဲ့လူလည်း နည်းလို့ထင်တယ်။ ကျန်းမာရေးရဲ့ လမ်းညွှန်ချက်အတိုင်းပဲ လုပ်ရတာကိုး” ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးမှာ ကိုဗစ် ကာကွယ်ဆေး ထိုးထားပြီးသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုဗစ် ကူးစက်ဖြစ်ပွားနေသည့် ဆရာမတစ်ဦးမှာ Grade-3 က ဖြစ်ပြီး ကျန်တစ်ဦးမှာ Grade-1 က ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ရောဂါပိုးတွေ့ရှိသည့် အတန်းများမှ ကျောင်းသား၊ ကျောင်းသူများအားလုံး၊ ကျောင်းရှိ ဆရာ၊ ဆရာမအားလုံးကိုလည်း ရောဂါပိုးစစ်ဆေးထားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ကိုဗစ် ကူးစက်ဖြစ်ပွားမှုမှာ ထားဝယ် အထက (၁) ကျောင်း တစ်ကျောင်းတည်းတွင်သာဖြစ်ပြီး ကျန်သည့် ကျောင်းများတွင် ဖြစ်ပွားမှုမရှိသေးကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

အထက (၁) ကျောင်းကို ပုံမှန်အတိုင်း ဖွင့်ထားသော်လည်း မူလတန်းရှိ ကျောင်းသားမိဘအများစုမှာ ယခုရက်ပိုင်းအတွင်း ကလေးများကို ကျောင်းမပို့ကြတော့ကြောင်း ၎င်းက ပြောသည်။

“ကိုယ်က မနားခိုင်းတောင် သူတို့ မိဘတွေက မလာကြဘူး။ ကလေးတွေက မရှိသလောက်ဖြစ်နေပြီ။ ကျန်းမာရေးကပြောတာ ပိုးရှိသူနဲ့အတူနေပြီးရင် ၃ ရက်လောက်နေမှ ဒီပိုးက တွေ့နိုင်တယ်ဆိုတော့ အဲဒါကိုပဲ စောင့်ကြည့်တဲ့ သဘောလား မသိဘူး။ ကျောင်းမပို့ဘဲ ခဏ ပေးနားလိုက်တဲ့ သဘောပေါ့။ ကြားတာတော့ မူလတန်းပိုင်းတွေက သိပ်ပြီးမလာကြတော့ဘူးလို့ပြောတယ်။ ဖြစ်မှာကြောက်လို့ ကူးမှာကြောက်လို့ပေါ့။ တရားဝင်တော့ ကျောင်းမပိတ်ပါဘူး။ မိဘတွေက စိုးရိမ်လို့ မလွှတ်တာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထားဝယ်မြို့တွင်းရှိ အခြားမူလတန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားတစ်ဦး၏ ဖခင်ကမူ သားဖြစ်သူကို ကျောင်းသို့ ပို့မြဲအတိုင်း ပိုနေသေးသော်လည်း လူအများနှင့် ခပ်ခွာခွာနေရန်နှင့် ယခင်ကထက် ပိုပြီး ဂရုစိုက် နေထိုင်ရန် မှာကြားဖြစ်ကြောင်း ပြောဆိုသည်။

 “စိုးရိမ်တာကတော့ အရင်တည်းက ကိုဗစ်ဆို အားလုံးကြောက်ပြီးသားပဲလေ။ အခုလို အသံကြားလာတယ်ဆိုတော့ ကြိုမှာပေးတာပေါ့နော်၊ ပိုမှာပေးတာပေါ့။ နည်းနည်း ခပ်ခွာခွာနေဖို့၊ ကလေးသဘာဝ သူများနဲ့ လိုက်ဆော့တာတွေကို ရှောင်ဖို့ ပိုသတိပေးဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ် အထက (၁) စာသင်ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား ၁၀၂၃ ဦးရှိပြီး သင်ကြားရေးဆရာ၊ ဆရာမနှင့် ရုံးဝန်ထမ်းစုစုပေါင်း ၆၃ ဦးရှိသည်ဟု တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။