ကော့သောင်းမှ ထိုင်းသို့ တရားမဝင်လာသော ကလေးငယ်သုံးဦးအပါအဝင် မြန်မာ ၂၀ဦး အဖမ်းခံရ

0
4666

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ကော့သောင်းမြို့မှတစ်ဆင့် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသော ကလေးငယ်သုံးဦး အပါအဝင် မြန်မာအလုပ်သမား ၂၀ ဦးကို ယနေ့ ဖမ်းမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ရနောင်းခရိုင် စုက်စာရမ်ဒေသ နာ့ခါးရွာအနီးတွင် ပစ်ကပ်ကားတစ်စီးဖြင့် မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်နေသည်ဟု စက်တင်ဘာလ ၂၀ ရက် ည ၁၀ နာရီခန့်တွင် သတင်းရရှိသဖြင့် စုက်စာရမ်စစ်ဆေးရေးဂိတ်တွင် ထိုင်းအထူးခြေမြန်တပ်ရင်းက ကြိုတင်စောင့်ဆိုင်းနေကြကြောင်း ဖော်ပြသည်။

ယင်းနောက် ယနေ့ (စက်တင်ဘာ ၂၁) နံနက် ၂ နာရီခန့်တွင် ဖန်ငခရိုင် ခူရာဘူရီဒေသသို့ သွားနေသော အဆိုပါကားကို စစ်ဆေးရေးဂိတ် တာဝန်ရှိသူများက တာဆီးစစ်ဆေးရာတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၀ ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ဖမ်းဆီးခံရသူများတွင် ကလေးငယ် ယောင်္ကျားလေး သုံးဦး၊ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ခုနှစ်ဦးနှင့် ထိုင်းနိုင်ငံသား ကားသမားတစ်ဦးတို့ကို ဖမ်းဆီးရမိကြောင်း သတင်းများအရ သိရသည်။

မြန်မာအလုပ်သမားများသည် ကော့သောင်းခရိုင်မှတစ်ဆင့် ရနောင်ခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်ပြီး ထိုခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၂၀၀၀ (သိန်း ၂၀ ခန့်) ကုန်ကျမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံသား ကားသမားကလည်း မြန်မာအလုပ်သမားများကို စုက်စာရမ်မှတစ်ဆင့် သတ်မှတ်ထားသော နေရာတစ်ခုသို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး ထိုခရီးစဉ်အတွက် ဘတ် ၃၀၀၀ ရရှိမည်ဟုဆိုသည်။

ဖမ်းဆီးခံရသူအားလုံးကို ကိုဗစ် ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ပြီးနောက် ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်ရန် စုက်စာရမ် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ပြည်တွင်းတွင် မလုံခြုံမှု၊ ကုန်ဈေးနှုန်း မြင့်တက်လာမှု၊ အလုပ်အကိုင်ရှားပါးလာမှု တို့ကြောင့် စားဝတ်နေရေး ကျပ်တည်းသဖြင့် မြန်မာအလုပ်သမားများသည် ငွေကျပ် ၁၅ သိန်းမှ ၄၀ သိန်းအထိ အကုန်ကျခံကာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်လျက် ရှိကြသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ကြရာတွင် ပြီးခဲ့သောဩဂုတ်လအတွင်း ကားတိုက်မှု နှစ်ကြိမ်ဖြစ်ပွားမှုကြောင့် မြန်မာအလုပ်သမား အနည်းဆုံး ၈ ဦးအထိ သေဆုံးခဲ့သည်။

Ref: หน่วยเฉพาะกิจกรมทหารราบที่ 25