ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၅ဦး ဖမ်းဆီးခံရ

0
4044

ထိုင်းနိုင်ငံ တာခ့်ခရိုင်၌ မောင်းနှင်ထွက်ပြေးသွားသော ကားတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၅ ဦး စက်တင်ဘာလ ၁၈ ရက် ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲလမတ်ဒေသတွင် စစ်ဆေးရေးဂိတ်ကို ရှောင်ကာ အရှိန်ဖြင့်မောင်းနှင်လာသော တိုယိုတာကားတစ်စီးကို မင်္သကာသဖြင့် ထိုင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်က ရပ်တန့်ရန် အချက်ပြခဲ့ကြောင်း ရေးသားသည်။

သို့သော်လည်း ကားမှာ မရပ်ပေးဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ တောထဲတွင် ရပ်ထားသော ကားကိုတွေ့ရှိရပြီး တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို ဖမ်းမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၅ ဦးတို့ ပါဝင်ပြီး အားလုံးသည် နယ်စပ်မြစ်ဖြစ်သော သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံရှိ ခရိုင်များတွင် အလုပ်လုပ်နိုင်ရန် ရည်ရွယ်ထားကြသည်ဟု ဆိုသည်။

အဆိုပါခရီးစဉ်အတွက် ပွဲစားများကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ (ကျပ် ၁၅ သိန်းမှ ၂၅ သိန်း) အထိ ပေးချေရမည်ဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြသည်။

ဖမ်းဆီးခံရသူအားလုံးကို ထိုင်းတပ်ဖွဲ့ဝင်များမှ ကားဖြင့်ခေါ်ဆောင်လာကာ ကိုဗစ်ရောဂါရှိမရှိ စစ်ဆေး၍ မဲလမတ် ရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကန်ချနဘူရီခရိုင် ထို့ဖာ့ဖမ်းဒေသတွင် တရားမဝင် ဝင်ရောက်လာသော အသက် ၇ နှစ်နှင့် ၁၄ နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် မြန်မာအလုပ်သမား ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အနက် ၂ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း သတင်းများတွင် ပါရှိသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း တာခ့်ခရိုင် မဲလမတ်ဒေသတွင် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက် လာသော မြန်မာအလုပ်သမား ၂၂ ဦး အဖမ်းခံခဲ့ရသေးသည်။

ပြည်တွင်းတွင် မလုံခြုံမှု၊ ကုန်ဈေးနှုန်း မြင့်တက်လာမှု၊ အလုပ်အကိုင်ရှားပါးလာမှု တို့ကြောင့် စားဝတ်နေရေး ကျပ်တည်းသဖြင့် မြန်မာအလုပ်သမားများသည် ငွေကျပ် ၁၅ သိန်းမှ သိန်း ၄၀ အထိ အကုန်ကျခံကာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်လျက် ရှိကြသည်။

Ref: AEC อาเซียน News, แม่สอดมีเดีย, Siamrath Online