ပုလောနှင့် ဘုတ်ပြင်းတွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် အစစ်အဆေးတင်းကြပ်

0
4106

မြိတ်ခရိုင်၊ ပုလောမြို့နယ်နှင့် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ခရီးသည်ယာဉ်များအား အစစ်အဆေးတင်းကြပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (စက်တင်ဘာ ၂၀) နံနက် ၈ နာရီခွဲခန့်တွင် ပုလောမြို့နယ်၊ ကဒဲကျေးရွာနှင့် သင်္ကန်းတောရွာကြား ပြည်ထောင်စုလမ်းပေါ်တွင် မြိတ်မြို့ဖက်မှတက်လာသည့် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

“ကဒဲရေကျော်နားမှာ ဖြစ်သွားတာ မိုင်းနှစ်လုံးကွဲသံကြားတယ်။ ကားနှစ်စီးလည်း ထိသွားတယ်လို့ သိရတယ်” ဟု ကဒဲရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

မိုင်းကွဲပြီးနောက် ဆိုင်ကယ်များ၊ ကားများကို ရပ်တန့်ခိုင်းကာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများက ဆိုသည်။

အလားတူ စက်တက်ဘာလ ၁၉ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ်၊ ဝါးဒင်းရွာနှင့် ဝါးချောင်းရွာကြား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့မှ ဘုတ်ပြင်းမြို့သို့ ဆင်းလာသည့် စစ်ကားကြီးလေးစီးနှင့် အိမ်စီးကားတစ်စီးအား စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ဝါးဒင်းရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) က ထုတ်ပြန်ထားသည်။

စစ်အင်အား ၃၀ လိုက်ပါလာသည့် ယင်းယာဉ်တန်းအား နာရီဝက်ခန့်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မိမိတို့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်စာရင်းကိုမူ မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်၍ ကော့သောင်းခရိုင်အတွင်းရှိ ဘုတ်ပြင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်တို့ရှိ ပြည်ထောင်စုလမ်းတွင် စစ်ယာဉ်တန်းအား မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ ရှိလာခဲ့သည့်အတွက် သတိထားသွားလာနေရကြောင်း ခရီးသည်တင်ယာဉ် ယာဉ်မောင်းများ ပြောဆိုကြသည်။

ကော့သောင်း ပြည်ထောင်လမ်းကို အသုံးပြုသွားလာနေကြသည့် ယာဉ်များအနေဖြင့် စစ်ကောင်စီယာဉ်တန်းနှင့် နီးကပ်စွာ သွားလာခြင်း မပြုလုပ်ကြရန် ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြီးခဲ့သည့် မေလနှင့် ယခုလတို့တွင် ထုတ်ပြန်အသိပေးထားသည်။