ကားတိုက်မှုတွင် သေဆုံးခဲ့သောမြန်မာလုပ်သားအတွက် လျော်ကြေးဘတ်ငါးသိန်းရ

0
3867
Photo – မြန်မာအလုပ်သမားသံအရာရှိရုံး

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကားတိုက်မှုဖြင့် သေဆုံးသွားသော တရားမဝင် မြန်မာအလုပ်သမား ငါးဦးအနက် လျော်ကြေးရရန် ကျန်ရှိနေသော မြန်မာအလုပ်သမားတစ်ဦးအတွက် ဘတ် ငါးသိန်းကို ယနေ့ (စက်တင်ဘာ ၁၉) တွင် လက်ခံရရှိကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

ယခုနှစ် ဇန်နဝါရီလက ကန်ချနဘူရီခရိုင်တွင် ဖြစ်ပွားခဲ့သော ကားတိုက်မှုတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ငါးဦး သေဆုံးခဲ့သည်။

သေဆုံးသွားသူများအနက် အထောက်အထားပြည့်စုံသူ လေးဦးဖြစ်သော မောင်သက်နိုင်ဖြိုး၊ မောင်နိုင်ဝင်းစိုး၊ မောင်အောင်ရွှေဝင်းနှင့် မခင်မာနွယ်တို့အတွက် လျော်ကြေးငွေ ဘတ် ၂သန်းကို ယခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ ကားအာမခံအတိုင်း ထုတ်ယူနိုင်ခဲ့သည်။

အချက်အလက် အထောက်အထားမပြည့်စုံသည့် မအိဖြူအောင်အတွက်မူ လျော်ကြေးရရန် ကြန့်ကြာနေခဲ့ပြီး ကားတိုက်မှုဖြစ်ပြီးနောက် ရှစ်လနီးပါးကြာချိန်မှသာ လျော်ကြေးရရှိခြင်းဖြစ်ကြောင်း သံအရာရှိရုံးထံမှ သိရသည်။

အလုပ်သမား ငါးဦးအတွက်ရရှိခဲ့သော လျော်ကြေးငွေ ဘတ် ၂ ဒသမ ၅ သန်းကို သေဆုံးသူများ၏ မြန်မာနိုင်ငံရှိ မိသားစုဝင်များထံ အလုပ်သမားဝန်ကြီးဌာန လက်ဝယ်အရောက်ပေးအပ်ရန် စီစဉ်ထားရှိကြောင်း ယင်းရုံးက ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်အရဆိုလျှင် အထောက်အထားပြည့်စုံသဖြင့် ဩဂုတ်လ ၁၀ ရက်နေ့က ရရှိသည့် မြန်မာအလုပ်သမားလေးဦးအတွက် လျော်ကြေးငွေမှာ တစ်လကျော်ကြာသည်အထိ မိသားစုလက်ထဲသို့ မရောက်သေးသဘောဖြစ်သည်။

လွှဲပြောင်းပေးရန် ကြန့်ကြာနေမှုနှင့် ပတ်သက် သိရှိနိုင်ရန် မြန်မာအလုပ်သမားသံအရာရှိရုံးထံ ယနေ့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကန်ချနဘူရီခရိုင် ထိုးဖာ့ဖမ်းဒေသမှ အမှတ် (၃၂၃) လမ်းမကြီးတစ်လျှောက် စိုင်ယွတ်ဒေသသို့ မောင်းနှင်လာသော တရားမဝင် မြန်မာအလုပ်သမားများ လိုက်ပါလာသော ပစ်ကပ်ကားသည် စစ်ဆေးရေးဂိတ်ကို တွေ့ရှိခဲ့သဖြင့် နောက်ပြန်လှည့်ရာမှ ဆယ်ဘီးကားနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

 ကားပေါ်တွင် မြန်မာအလုပ်သမား ၁၀ ဦး လိုက်ပါလာခဲ့ကာ ၎င်းတို့အနက် ငါးဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ခရီးဆောင်အိတ်များထံမှ ရရှိသည့် အချက်အလက်များအရ သေဆုံးသူများမှာ ဖြူးမြို့နယ်မှ မောင်သက်နိုင်ဖြိုးနှင့် မောင်နိုင်ဝင်းစိုး၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ မောင်အောင်ရွှေဝင်းနှင့် မခင်မာနွယ်၊ ပဲခူးမြို့ ပျဉ်ပုံကြီးမှ မအိဖြူအောင်တို့ ဖြစ်သည်။

၎င်းတို့သည် ကရင်ပြည်နယ် ဘုရားသုံးဆူလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသ၊ ထိုးဖာ့ဖမ်းဒေသသို့ ဝင်ရောက်လာခြင်းဖြစ်ကာ အဆိုပါခရီးအတွက် တစ်ဦးလျှင် ဘတ် ၂၇၀၀၀ ကုန်ကျခံကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။