မလေးရှားသို့ခိုးဝင်ရန် ပွဲစားခ သိန်း ၅၀ပေါက်၊ လမ်းကြောင်းပုံစံလည်းပြောင်းလာ

0
5214
ထိုင်းနိုင်ငံဘက်သွားမည့် ကော့သောင်းမြို့ရှိ ပဲ့ချိတ်စက်လှေဆိပ်

ထားဝယ်ဒေသမှ မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ်သွားရာတွင် ပွဲစားကို ပေးရသည့် လမ်းစရိတ်မှာ နှစ်ဆမြင့်တက်လာပြီး သွားရောက်သည့်ပုံစံနှင့် လမ်းကြောင်းများ ပြောင်းလာကြောင်း ထားဝယ်ဒေသခံအချို့ထံမှ သိရသည်။

ယခင်က ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနယ်စပ်သို့ဖြတ်ကာ မလေးရှားနိုင်ငံအထိ ကားတစ်တန်၊ ခြေလျင်တစ်တန် သွားကြရသည်။

ထိုသို့သွားရာတွင် လမ်းခရီး၌ အနည်းဆုံး သုံးရက်မှ ဆယ်ရက်ကျော်အထိ ကြာမြင့်လေ့ရှိသည်။

ကိုဗစ်ကြောင့် ပိတ်ထားသည့် အလည်ဗီဇာများကို ပြန်လည်ခွင့်ပြုချိန်တွင် လမ်းကြောင်းအသစ်များ ပေါ်လာသည်။

ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ၁၄ ရက် အလည်ဗီဇာဖြင့် လေယာဉ်စီးသွားပြီး ထိုင်းနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ ကား သို့မဟုတ် ခြေလျင်ခိုးဝင်ကြသည်။

အထက်ပါ လမ်းကြောင်းဖြင့် သမီးဖြစ်သူကို မလေးရှားနိုင်ငံသို့ ပို့လိုက်ရာ မြန်မာငွေ ၄၃ သိန်းကျော် ပေးရကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ သွားရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှတစ်ဆင့် မလေးရှားနယ်စပ် ဟတ်ယိုင်မြို့အထိ လေယာဉ် နောက်တစ်ဆင့် ထပ်စီးပြီးမှ ခိုးဝင်ကြခြင်းဖြစ်သည်။

ယင်းလမ်းကြောင်းမှာ ထားဝယ်မှ မလေးရှားအထိ အချိန်နှစ်ရက်သာ ကြာမြင့်သည်ဟု ဆိုသည်။

“ဒီ (ထားဝယ်) မှာလည်း ဘာမှလုပ်စားလို့ အဆင်မပြေတော့ သမီးကို ထည့်လိုက်တာ။ မြန်တာတော့ တော်တော် မြန်တယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

အထက်ပါလမ်းကြောင်းအပြင် အလည်အပတ်ဗီဇာဖြင့် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံအထိ တိုက်ရိုက် သွားကြသူများ လည်း ရှိသည်။

အလည်ဗီဇာဖြင့်သွားလျှင် နိုင်ငံကူးလက်မှတ်ရှိရမည်ဖြစ်ပြီး ဗီဇာ (ပြည်ဝင်ခွင့်) သတ်မှတ်ရက်ပြည့်ပါက တရားမဝင် နေထိုင်သူ ဖြစ်သွားမည်ဖြစ်သည်။

သို့သော် လက်ရှိဖြစ်ပျက်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံသားများကို ပြည်ပနိုင်ငံများက ပြည်ဝင်ခွင့်ကို အလွယ်တကူမပေးတော့ဘဲ တင်းတင်းကျပ်ကျပ် စစ်ဆေးလာသည့် အခြေအနေဖြစ်လာသည်။

သက်ဆိုင်ရာနိုင်ငံ၏ လေဆိပ်တွင်ပင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများက မေးခွန်းမျိုးစုံကို စစ်မေးပြီးမှ ပြည်ဝင်ခွင့် ပေးနေခြင်း ဖြစ်သည်။

၎င်းတို့ မသင်္ကာပါက (သို့မဟုတ်) လိုအပ်သည့် အချက်အလက်မပြည့်စုံက ပြည်ဝင်ခွင့်မပေးဘဲ လာရာလမ်းအတိုင်း ပြန်လွှတ်ခံရသူများလည်း ရှိနေသည်။

ထို့သို့သော အခင်းအကျင်းတွင် လမ်းကြောင်းပုံစံသစ်မှာ မလွယ်ကူတော့သဖြင့် ယခင်သွားကြသည့်ပုံစံအတိုင်း အောက်လမ်းဟုခေါ်သည့် ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနယ်စပ်သို့ဖြတ်ကာ မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်သည့် လမ်းကြောင်းမှာ ဒေသခံများအတွက် အဓိက အားထားရသည့်လမ်းကြောင်း ဖြစ်နေသည်။

အောက်လမ်းဖြင့် သွားရာတွင် ပွဲစားသို့ပေးရသည့် ခရီးစရိတ်မှာ နှစ်ဆနီးပါးမြင့်တက်လာကြောင်း ကိုယ်တိုင် သွားလာသူများနှင့် ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။

ယခုနှစ် ဩဂုတ်လမတိုင်မီက လူတစ်ဦးလျှင် မြန်မာငွေ သိန်းသုံးဆယ်ကျော်သာရှိရာမှ စက်တင်လာလတွင် သိန်းငါးဆယ်နီးပါးအထိ ဈေးပေါက်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ထိုသို့ သွားရာတွင် မလေးရှား ရင်းဂစ်ငွေ ပေါက်ဈေးအတိုင်း တွက်ချက်ပေးချေရခြင်းကြောင့် ဈေးတက်လာခြင်း ဖြစ်ကြောင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ အမျိုးသား၏ အစ်မနှစ်ဦးမှာ ဩဂုတ်လနှောင်းပိုင်းက မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်သွား ကြသည်ဟု ပြောဆိုသည်။

လေကြောင်းဖြင့်သွားလျှင် လမ်းခရီးပင်ပန်းမှု သက်သာခြင်း၊ အချိန်တိုအတွင်းရောက်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း တို့ကြောင့် သွားလိုကြသော်လည်း ပြည်ဝင်ခွင့်တင်းကျပ်မှုကြောင့် ဒေသခံများမှာ အောက်လမ်းကိုသာ ရွေးချယ်သွား လာ နေရခြင်းဖြစ်ကြောင်း သမီးဖြစ်သူကို မလေးရှားသို့ ပို့ဆောင်ထားသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အရှေ့က သွားခဲ့တဲ့သူတွေကလည်း ဒီလမ်းကြောင်းကပဲ သွားကြတာဆိုတော့ အောက်လမ်းကို ရွေးကြတာ များတယ်။ အပေါ်လမ်း (လေကြောင်း) က သွားတယ်ဆိုတာက ပို့ပေးမယ့် ပွဲစားနဲ့ ချိတ်ဆက်နိုင်ဖို့လည်း လိုသေး တယ်” ဟု ၎င်းက ပြောသည်။

အိမ်နီးချင်းထိုင်းနိုင်ငံသို့ ခိုးဝင်ရာတွင်ပင် လမ်းစရိတ်အဖြစ် ထိုင်းဘတ်ငွေ နှစ်သောင်းနီးပါး (၁၈၀၀၀) အနည်းဆုံး ကုန်ကျကြောင်း စုံစမ်းသိရသည်။

မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှု၊ ပစ်ခတ်သတ်ဖြတ်မှု၊ ဖမ်းဆီးခံရမှုနှင့် ကျပ်ငွေတန်ဖိုးကျဆင်းပြီး စီးပွားရေးကျပ်တည်းမှု စသည်တို့ကြောင့် ဒေသခံအများစုမှာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် တရားမဝင် သွားရောက်သူ ပိုမိုများပြားနေသည်။