နှာခေါင်းစည်း ဈေးပြန်တက်

0
3768

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုတစ်ကျော့ပြန် မြင့်တက်လာပြီး တနင်္သာရီတိုင်းအတွင်းလည်း ကူးစက်မှုများရှိလာ ပြီးနောက် မြိတ်မြို့တွင် နှာခေါင်းစည်းဈေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

အခုငါးဆယ်ပါ နှာခေါင်းစည်းတစ်ထုတ်လျှင် ၁၃၀၀ ကျပ်ဈေးရှိရာမှ ယခုစက်တင်ဘာလအတွင်း ၁၇၀၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း နှာခေါင်းစည်းရောင်းချသည့်ဆိုင်များထံမှ သိရသည်။  

“ဝယ်ရင်းဈေးလည်း တက်နေလို့ ဈေးတင်ရောင်းနေရတဲ့ သဘောပါ” ဟု ကန်ကြီးရပ်ရှိ နှာခေါင်းစည်းများ ရောင်းချနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်တွင် ပြီးခဲ့သည့် ဧပြီလမှစပြီး လက်ရှိအချိန်အထိ ကိုဗစ်ပိုးမတွေ့ရှိသေးသော်လည်း ထားဝယ်ခရိုင်နှင့် ကော့သောင်းမြို့တို့တွင် ကိုဗစ်ပိုးတွေ့ရှိနေပြီဖြစ်သည်။

“ကုန်ဈေးနှုန်းတွေ တက်နေတာပဲ။ ကိုဗစ်မရှိတော့ Mask ဈေးမတက်ဘူး။ ပိုးတွေ့သံကြားမှပဲ ဈေးတန်းတက်သွား တာ” ဟု မြိတ်တောင်ရပ်နေ အသက် ၅၀နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောဆိုသည်။

ယခင်ကလည်း ကိုဗစ်ကူးစက်မှု မြင့်တက်သည့်ကာလတို့တွင် နှာခေါင်းစည်း ဈေးတက်သွားလေ့ရှိပြီး ဈေးကွက်တွင် ပစ္စည်းပြတ်လပ်သည်အထိလည်း ဖြစ်ခဲ့သည်။

လက်ရှိတွင် အခု ငါးဆယ်ပါ နှာခေါင်းစည်းတစ်ထုတ်လျှင် ၁၆‌၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိ ဈေးရှိနေပြီး ကလေးသုံး နှာခေါင်းစည်းတစ်ထုတ်လျှင် ၁၅၀၀ ကျပ်နှုန်း ဈေးရှိနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

စက်တင်ဘာလအတွင်း ၁၈ရက်အထိ ထားဝယ်ခရိုင်ရှိ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံ၊ ရေဖြူမြို့နယ်တို့တွင် ကိုဗစ်ပိုးတွေ့သူ ၁၄ဦး၊ ကော့သောင်းမြို့တွင် ၂၀ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ထားဝယ်ခရိုင်တွင် ကိုဗစ်ပိုးတွေ့သူများမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ကော့သောင်းမြို့တွင် တွေ့ရှိသူများမှာ ထိုင်းနိုင်ငံမှ ပြန်လာသူများဖြစ်သည်။  

မြန်မာနိုင်ငံတွင် ဩဂုတ်လကုန်ပိုင်းမှစတင်ကာ ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန်မြင့်တက်လာပြီး စက်တင်ဘာလ ၁ရက်မှ ၁၆ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ ၃၆၀၀ကျော်တွေ့ရှိပြီး ရှစ်ဦးသေဆုံးကြောင်း ယင်းဌာနက ထုတ်ပြန် သည်။

ပြည်တွင်းတွင် ကိုဗစ်ပိုးတွေ့သူ တစ်ရက်လျှင် ဆယ်ဂဏန်းသာရှိရာမှ ဩဂုတ်လကုန်ပိုင်းမှ စတင်ကာ တစ်ရက်လျှင် ရာနှင့်ချီတွေ့ရှိလာခြင်းဖြစ်သည်။