ဘီးလင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
3871

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးကျေးရွာ အုပ်ချုပ်ရေးမှူး စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

အလူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းကို ယနေ့ နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်က အမည်မသိသေနတ်သမားတို့က ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှမင်းသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

”ဆိုင်ကယ်နဲ့ သွားနေတဲ့အချိန်မှာ သေနတ်သမားတွေက ပစ်ခတ်သွားတယ်လို့ သိရတယ်၊ သေနတ်ဒဏ်ရာ ၃ ချက်နဲ့ အခင်းဖြစ်နေရာမှာဘဲ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးလှမင်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်တို့က ကျေးရွာအတွင်း စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

အလူးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဒုဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်း ပစ်သတ်ခံခဲ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဘီးလင်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ သတင်းပေး ဒလန်ဆိုသူများနှင့် နိုင်ငံရေးပါတီဝင်များ ပစ်သတ်ခံရသည့် ဖြစ်စဥ်များဖြစ်ပွားလေ့ရှိသည်။