ထားဝယ်မြို့အဝင်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ယာဉ်နောက်လိုက်ဒဏ်ရာရ

0
5206

ထားဝယ်မြို့အဝင် ဇဟာရွာလမ်းပိုင်းတစ်နေရာတွင် ယနေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်နောက်လိုက်တစ်ဦး ဒဏ်ရာရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ (စက်တင်ဘာ ၁၈) မွန်းလွဲ ၂နာရီခန့်တွင် မွန်ပြည်နယ် ရေးမြို့ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် မီနီဘတ် ဟိုင်ကာအမျိုးအစား မှန်လုံယာဉ်မှာ လမ်းချော်ပြီး လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိကာ တိမ်းမှောက် ခဲ့ကြောင်း အထက်ပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

ယင်းယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်လေးဦးတို့ လိုက်ပါလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လူကတော့ သေဆုံးတာမရှိဘူး။ ကားကတော့ လုံးဝပျက်စီးသွားတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောဆိုသည်။

ယာဉ်နောက်လိုက်ဖြစ်သူ အမျိုးသားတွင် ညာဘက်ခြေသလုံး စုတ်ပြတ်ဒဏ်ရာရရှိခဲ့ပြီးကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

ဒဏ်ရာရရှိသူ ယာဉ်နောက်လိုက် အပါအဝင် ယာဉ်မောင်းနှင့် ခရီးသည်လေးဦးတို့ကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အဆိုပါယာဉ်မတော်တဆဖြစ်ပွားရာနေရာသို့ ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၊ ဇဟာရွာ လူမှုကူညီရေးအသင်းနှင့် ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့က ပူးပေါင်း ရှင်းလင်းခဲ့ကြောင်း အဆိုပါအသင်းများထံမှ သိရသည်။

ယနေ့ မွန်းလွဲ သုံးနာရီခန့်တွင် ခရီးသည်တင်ကားများနှင့် ခရီးသွားလာပြည်သူများ ပုံမှန်သွားနိုင်ပြီဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။