တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3746

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ

ဆွီဒင်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အန်ဒါဆန်ပါတီ ရှုံးနိမ့်

ဆွီဒင်ရွေးကောက်ပွဲအတွက် မဲအားလုံးနီးပါး ရေတွက်ပြီးစီးတဲ့ စက်တင်ဘာ ၁၄ ရက်မှာ အတိုက်အခံ အလယ်အလတ်ပါတီရဲ့ ခေါင်းဆောင် အောလ်ဖ်ခရစ္စတာဆန် (Ulf Kristersson) က သူဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ အခွင့်အရေးရှိပြီး အစိုးရသစ်ဖွဲ့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။

ညနေပိုင်းမှာ ဆွီဒင်ရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဝန်ကြီးချုပ် မက်ဒလီနာ အန်ဒါဆင် (Magdalena Andersson) က ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံခဲ့ပါတယ်။

မဲအနည်းငယ် ရေတွက်ဖို့ ကျန်နေသေးပေမဲ့ မနှစ်က ဆွီဒင်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတဲ့ အန်ဒါဆန်က မဲရလဒ်တွေဟာ အတိုက်အခံက အနိုင်ရတာ မှန်ကန်ကြောင်း ပြသခဲ့တယ်လို့ ပြောပါတယ်။

Ref: BBC

………………………………..

ကလေးငယ်သတ်ဖြတ်မှု သံသယနဲ့ နယူးဇီလန်နိုင်ငံသူကို တောင်ကိုးရီးယားရဲတပ်ဖွဲ့ ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း အူလ်ဆန်မြို့မှာ ကိုရီးယားနွယ်ဖွား နယူးဇီလန်နိုင်ငံသား အမျိုးသမီးကို သူ့ကလေးတွေကို သတ်ဖြတ်မှုသံသယနဲ့ တောင်ကိုရီးယားရဲတပ်ဖွဲ့က စက်တင်ဘာ ၁၄ ရက်က ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့လက နယူးဇီလန်မှာရှိတဲ့ လက်ဆွဲသေတ္တာတွေထဲမှာ တွေ့ခဲ့ရတဲ့ ကလေးအလောင်းတွေဟာ အဲဒီအမျိုးသမီးရဲ့ ကလေး ၂ ယောက်လို့ ယူဆထားပြီး အမျိုးသမီးကတော့ အမှုနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို စက်တင်ဘာ ၁၅ ရက်မှာ ငြင်းဆိုထားပါတယ်။

အသက် ၄၀ အရွယ်ရှိ အမျိုးသမီးဟာ အော့ကလန်မှာ နေထိုင်ချိန် အဲ့ဒီတုန်းက သူ့ရဲ့ အသက် ၇ နှစ်အရွယ်နဲ့ ၁၀ နှစ်အရွယ် ကလေးတွေကို သတ်ဖြတ်ပြီးနောက် ၂၀၁၈ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံကို ထွက်ပြေးလာတာလို့ သံသယရှိကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

နယူးဇီလန်ရဲတပ်ဖွဲ့ဟာ မိသားစုတစ်စု ဝယ်ယူထားတဲ့ လော့ကာ ပစ္စည်းသိမ်းဆည်းခန်း တစ်ခုထဲကနေ ကလေးငယ်တွေရဲ့ အလောင်းတွေကို တွေ့ရှိပြီးနောက် အော့ကလန်မှာ လူသတ်မှု စုံစမ်းစစ်ဆေးရေးကို စတင်ခဲ့တာဖြစ်ပါတယ်။

Ref: BBC

………………………………..

ကိုဗစ်-၁၉ ကပ်ရောဂါမပြီးပြတ်သေးကြောင်း WHO ပြော

ကမ္ဘာကြီးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို အဆုံးသတ်ဖို့ ပိုကောင်းတဲ့အနေအထားမှာ မရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက စက်တင်ဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

လူ ခြောက်သန်းကျော် သေဆုံးခဲ့ပြီး နှစ်ချီကြာနေတဲ့ ကျန်းမာရေး အကျပ်အတည်းအပေါ် သူ့ရဲ့ အကောင်းအမြင်ဆုံး မျှော်မှန်းချက်ကို ပြောလိုက်တာပါ။

WHO ညွှန်ကြားရေးမှူးချုပ် တေဒရို အဒ်ဒါနွန် ဂေဘရီယေးဆပ်က “ကျွန်တော်တို့ မရောက်သေးပါဘူး။ ဒါပေမဲ့ အဆုံးကတော့ မြင်နေရပါပြီ” လို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

၂၀၁၉ ခုနှစ်နှောင်းပိုင်းက တရုတ်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၆ ဒသမ ၄ သန်းနီးပါး သေဆုံးပြီး ၆၀၅ သန်းကို ကူးစက်ခဲ့တာပါ။

Ref: CNA

………………………………..

ဟေတီမှာ လောင်စာဆီဈေးမြင့်တက်မှုကြောင့် ဆန္ဒပြမှုနဲ့ ပစ်ခတ်မှုဖြစ်

ဟေတီနိုင်ငံရဲ့ မြို့တော် ပို့ထ်အူပရင့်စ်မှာ စက်တင်ဘာ ၁၃ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး မြို့တွင်းလမ်းတွေတစ်လျှောက် လမ်းပိတ်ဆို့ခဲ့ပါတယ်။

လမ်းမပေါ် ကျောက်တုံးတွေနဲ့ ပိတ်ဆို့ကာ မော်တော်ယာဉ်တွေ၊ ကားတာယာတွေကို မီးရှို့ ခဲ့ကြကာ စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းကုမ္ပဏီရုံးတွေကို ပိတ်ထားခဲ့ရပါတယ်။

ဟေတီမှာ ဆယ်စုနှစ်တစ်ခုအတွင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံးထိတက်သွားလို့ နောက်ဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာပါ။

ဟေတီနိုင်ငံသားအချို့ဟာ လောင်စာဆီရရှိဖို့ မှောင်ခိုသမားတွေထံကနေ မတန်တဆဈေးနှုန်းနဲ့ ဝယ်ယူသုံးစွဲနေကြရတာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ဘန်ကောက်စစ်တပ်သင်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်လို့ ၂ ဦးသေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက် ဒုစစ်နယ်မြေ ထိုတ်ဒမ်ရီလမ်းပေါ်ရှိ စစ်တက္ကသိုလ် မဟာဗျူဟာ လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စက်တင်ဘာ ၁၄ ရက်က ပစ်ခတ်မှုဖြစ်ပွားလို့ ထိုင်းစစ်သား ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရသွားပါတယ်။

သင်တန်းခန်းထဲမှာ အရာခံဗိုလ်အဆင့်ရှိသူတစ်ဦးက လုပ်ဖော်ကိုင်ဖက်တွေကို ပစ်ခတ်တာဖြစ်ပြီး ၁၀ ယောက်ပြည့်အောင် ပစ်သတ်မယ်လို့လည်း ကြုံးဝါးခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်သူကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အဆောင်ကိုပိတ်ဆို့ပြီး ဝင်ရောက်ဖမ်းဆီးရာ နာရီဝက် အကြာမှာမှ လက်နက်ချအဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။

Ref: Bangkok Post

………………………………..

ဘော်စတွန်ရှိ တက္ကသိုလ်ပရဝုဏ် အတွင်း ဗုံးပေါက်

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ရှိ အရှေ့မြောက်ပိုင်း တက္ကသိုလ်တစ်ခုမှာ စက်တင်ဘာ ၁၃ ရက်နေ့က အထုပ်တစ်ထုပ်ပေါက်ကွဲလို့ တက္ကသိုလ်က ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒုတိယအထုပ်တစ်ထုပ်ကိုတော့ လုံခြုံရေးအဖွဲ့ကနေ ဖျက်စီးရှင်းလင်းနိုင်ခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားဦးရေ ၁၅,၇၀၀ ခန့်ရှိတဲ့ နာမည်ကြီး Northeastern တက္ကသိုလ်ကျောင်းဝန်းထဲ ပေါက်ကွဲခဲ့လို့ ဘော့စတွန်ရှိ ကောလိပ်တွေက ကြောက်ရွံ့ထိတ်လန့်မှုတွေ ဖြစ်နေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Ref: The New York Times

………………………………..

သမ္မတပူတင်ကို ရာထူးမှအနားယူရန်တောင်းဆိုခဲ့သူတွေ အသီးသီး အရေးယူခံရ

ရုရှားသမ္မတပူတင်ကို ရာထူးမှအနားယူဖို့ တောင်းဆိုခဲ့ကြတဲ့ စိန့်ပီတာစဘတ် ဒေသခံ နိုင်ငံရေးသမားများအုပ်စုကို တရားသူကြီးက စက်တင်ဘာလ ၁၃ ရက်နေ့မှာ စီရင်ချက်အသီးသီး ချမှတ်ခဲ့ပါတယ်။

သူတို့ရဲ့ ခရိုင်ကောင်စီကိုလည်း ဖျက်သိမ်းတော့မယ်လို့ အဆိုပါအုပ်စုအထဲမှ တစ်ဦးက ဆိုထားပါတယ်။

တောင်းဆိုသူတစ်ဦးဖြစ်တဲ့ Dmitry Palyuga ကိုတော့ အာဏာပိုင်တွေက အပုပ်ချလို့ဆိုကာ တရားရုံးက ရူဘယ် ၄၇၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

တောင်းဆိုခဲ့တဲ့ Smolninskoye ဒေသဆိုင်ရာ ကောင်စီအဖွဲ့ဝင် ၄ဦးကိုတော့ လာမယ့် ၂ရက်အထဲမှာ ရုံးထုတ် စစ်ဆေးကြားနာမယ်လို့ သိရပါတယ်။

Ref: south china morning post

………………………………..

တရုတ်သမ္မတရှီနဲ့ ရုရှားသမ္မတတွေ့ဆုံ

တရုတ်သမ္မတရှီက ကိုဗစ်ကာလ နှစ်နှစ်ကျော်အတွင်း ပထမဆုံးအနေနဲ့ အာရှအလယ်ပိုင်းကို ခရီးထွက်ကာ ရုရှားသမ္မတပူတင်နဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာတွေ့ဆုံခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးက ဥဇဘက်ကစ္စတန်နိုင်ငံ ရှေးဟောင်း ပိုးလမ်းမ မြို့တော် Samarkand ရှိ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) အစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိနေကြတာဖြစ်ပါတယ်။

ယူကရိန်းနဲ့ စစ်ပွဲကြောင့် ပူတင်နဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးပျက်သွားခဲ့သလို တိုင်ပေကိစ္စကြောင့် အမေရိကန်၊ဥရောပ မဟာမိတ်တွေနဲ့လည်း ရှီက ထိပ်တိုက်တွေ့နေရတဲ့အချိန် တွေ့ဆုံလိုက်တာဖြစ်ပါတယ်။

ထိုခရီးစဉ်က တရုတ်နိုင်ငံအထဲ သူ့ရဲ့ အာဏာ ချုပ်ကိုင်ထားနိုင်တာနဲ့ ပတ်သက်လို့ ဘယ်လောက်ထိယုံကြည်မူရှိတယ်ဆိုတာ ပြသလိုက်တာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

တောင်ကိုးရီးယားက Google နဲ့ Meta ကုမ္ပဏီတို့ကို ဒေါ်လာသန်းချီဒဏ်ရိုက်

တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်ရဲ့ နိုင်ငံစုံ နည်းပညာလုပ်ငန်းစုကြီးတခုဖြစ်တဲ့ ဂူဂဲလ်ရဲ့ အယ်လ်ဖာဘတ်ကော်ပိုရေးရှင်းနဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ မက်တာ (Meta) ကုမ္ပဏီတွေကို ပုဂ္ဂိုလ်ရေးဆိုင်ရာဥပဒေကို ချိုးဖောက်မှုအတွက် ဒဏ်ငွေဒေါ်လာ ၇၂ သန်းကို ဒဏ်ရိုက်ခဲ့တယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။

ကြေညာချက်တခုမှာတော့ ဂူဂဲလ်ကို ဒေါ်လာ သန်း ၅၀ နဲ့ မက်တာကို ဒေါ်လာ ၂၂ သန်း ဒဏ်ရိုက်ထားကြောင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ကာကွယ်ရေးကော်မရှင်က ပြောပါတယ်။

အသုံးပြုသူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စုဆောင်းအသုံးပြုတဲ့အတွက် ဒဏ်ရိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

Meta ကတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်းနဲ့ တရားရုံးကနေ စီရင်ချက်ချဖို့ အပါအဝင် ရွေးချယ်ခွင့်အားလုံးကို ပွင့်ပွင့်လင်းလင်း ချပြသွားမှာပါလို့ ဆိုပါတယ်။ ဂူဂဲလ်ကတော့ ချက်ချင်း ဘာမှတ်ချက်မှ မပေးပါဘူး။

Ref: AP

………………………………..

အမေရိကမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံးအကြိမ် လူသေဆုံး

စက်တင်ဘာ ၁၂ ရက်က လော့စ်အိန်ဂျလိစ် ဒေသခံတစ်ဦး သေဆုံးမှုဟာ မျောက်ကျောက်ရောဂါကြောင့်လို့ ပြည်သူ့ကျန်းမာရေးဌာနက သတ်မှတ်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှု ဖြစ်ပါတယ်။

အဲဒီဒေသခံဟာ မျောက်ကျောက်ရောဂါကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) နဲ့ ပူးပေါင်းစစ်ဆေးပြီး အတည်ပြု ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

‌ဒေသခံဟာ ခုခံအား အပြင်းအထန်ကျဆင်းပြီး ဆေးရုံတင်ထားရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လျှို့ဝှက်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ဖို့အတွက် ဒီကိစ္စနဲ့ပတ်သက်တဲ့ ထပ်တိုးအချက်အလက်တွေကို လူသိရှင်ကြား ထုတ်ပြန်မှာ မဟုတ်ကြောင်းလည်း ထည့်သွင်း ပြောကြားပါတယ်။

Ref: CNN

………………………………..