အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်စက်ချွတ်ယွင်းနေသဖြင့် လည်ပတ်မည့်ရက် မသိရသေး

0
3889

ထားဝယ် အာယုဒါနအရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့ပိုင် စက်နှစ်လုံးမှာ ချွတ်ယွင်းနေသည့်အတွက် ပြန်လည် လည်ပတ်မည့် နေ့ရက်အတိအကျ မသိရသေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၁၀၀ ခန့် ထုတ်လုပ်ပေးနိုင်သည့် တရုတ်နိုင်ငံထုတ်စက်ကြီးမှာ ပြီးခဲ့သည့် စက်တင်ဘာ ပထမ ပတ်လောက်ကစပြီး စက်ချွတ်ယွင်းသွားကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် စက်ငယ်ဖြင့် အစားထိုးလည်ပတ်နေရာမှ အဆိုပါစက်ငယ်မှာလည်း အင်ဂျင်ဝိုင်လိုက်လာသောကြောင့် စက်တင်ဘာလ ၁၃ ရက်ကစပြီး အောင်စီဂျင်ထုတ်လုပ်မှုကို ရပ်နားထားရကြောင်း ၎င်းက ဆိုသည်။

“စက်ကြီးအတွက်က အပိုပစ္စည်း ဒီမှမရှိဘူး။ နိုင်ငံခြားက မှာရတဲ့အတွက် ပစ္စည်းလာတဲ့အချိန်ပေါ်မှာပဲ မူတည်တယ်။ စက်ငယ်အတွက်ကတော့ အင်ဂျင်နီယာ ခေါ်ထားတယ်။ တစ်ပတ်ဆယ်ရက်အတွင်း လာ‌မယ်လို့ပြောထားတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

စက်ချွတ်ယွင်းနေသည့်ကာလအတွင်း ခရိုင်အတွင်းရှိ အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီး မော်လမြိုင်မြို့ရှိ အောက်ဆီဂျင်ထုတ်သည့်စက်ရုံသို့ ၄၀ လီတာအိုးခွံ ငါးဆယ်ခန့် ပေးပို့ထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

လောလောဆယ် အိုးသုံးဆယ်ခန့် ပို့ပေးမည်ဟု အကြောင်းကြားထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“ဆေးရုံကြီးမှာကတော့ ယခင်က လူနာများတော့ တစ်နေ့ကို အလုံး ၂၀ လောက်ပေးရတယ်။ အခု ကျွန်တော်တို့ စက်အခြေအနေကိုလည်း ပြောပြထားတော့ နှစ်ရက်ကို ၁၀ လုံးလောက်ပဲ တောင်းခံလာတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

စက်ချွတ်ယွင်းနေသည့်ကာလအတွင်း ပြတ်လပ်မှု မရှိအောင် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ပေးမည်ဟုလည်း ၎င်းက ဆိုသည်။  

အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့သည် ထားဝယ်ခရိုင်အတွင်းရှိ ဆေးရုံများနှင့် ပရဟိတ အရေးပေါ်အသင်းများကို အောက်ဆီဂျင်ထောက်ပံ့ပေးနေသည့်အဖွဲ့ ဖြစ်သည်။