ထိုင်းကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၅၉ ဦးဖမ်းဆီးခံရ

0
4498

တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော မြန်မာအလုပ်သမား ၅၉ ဦးကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များက ဖမ်းဆီးရမိခဲ့ကြောင်း ကန်ချနဘူရီရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသ စစ်ဆေးရေးဂိတ်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများပါသော ကား ၄ စီးကို တားဆီးစစ်ဆေးခြင်းနှင့် နယ်စပ်တစ်လျှောက် ထိုင်းအာဏာပိုင်များ ပူပေါင်းလှည့်လည်စစ်ဆေးခြင်းတို့ လုပ်ဆောင်ချိန်တွင် ၎င်းတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကန်ချနဘူရီခရိုင်အတွင်း ၂ ကြိမ်ဖမ်းဆီးရမိခြင်းဖြစ်ပြီး မြန်မာအလုပ်သမား အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၁၇ ဦးနှင့် တရားမဝင်ပို့ဆောင်ရာတွင် ကူညီပေးသော ထိုင်းနိုင်ငံသား ၅ ဦးတို့ကိုပါ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုခရီးစဉ်အတွက် မြန်မာအလုပ်သမားများသည် တစ်ဦးလျှင် ဘတ် ၁၅၀၀၀-၃၀၀၀၀ (ကျပ် ၁၅ သိန်းမှ ၂၅ သိန်း) အထိ ကုန်ကျခဲ့ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားများသည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ရခိုင်၊ ထားဝယ်၊ မကွေး စသောဒေသများမှ လာကြခြင်းဖြစ်ဟု ထုတ်ပြန်ချက်ကဆိုသည်။

၎င်းတို့သည် ဘန်ကောက်၊ စမူစခွန်၊ လယွန်၊ ကန်ချနဘူရီခရိုင်များတွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် လာကြခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသော အလုပ်သမားများကို ကိုဗစ်-၁၉ ရှိမရှိ အပူချိန်တိုင်းကာ အဖျားစစ်ဆေးပြီးနောက် ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် စိုင်ယွတ်ရဲစခန်းသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။

ပြည်တွင်း မလုံခြုံမှု၊ ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ငွေကြေးဖောင်းပွလာမှု၊ အလုပ်အကိုင် ရှားပါးလာမှုတို့ကြောင့် မြန်မာအလုပ်သမားများသည် ငွေကျပ် ၁၅ သိန်းမှ ၄၀ သိန်းအထိ အကုန်အကျခံကာ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် လုပ်ဆောင်နေကျခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ရာတွင် ပြီးခဲ့သောဩဂုတ်လအတွင်း ကားတိုက်မှု ၂ ကြိမ်ဖြစ်ပွားမှုကြောင့် မြန်မာအလုပ်သမား အနည်းဆုံး ၈ ဦးအထိ သေဆုံးခဲ့သည်။

Ref: Thairath, ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี