ဗုံးပေါက်ကွဲမှုဖြစ်သည့် သရက်နှစ်ခွရွာစာသင်ကျောင်း ပြန်မဖွင့်နိုင်သေး

0
5637

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာ အထက (ခွဲ) ကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ရက်ကြာသည်အထိ ကျောင်းမဖွင့်နိုင်သေးကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။

ယင်းကျောင်းတွင် စက်တင်ဘာလ ၁၂ ရက် ည ၇ နာရီခွဲခန့်က ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး မျက်နှာကျက်များ၊ တံခါးရွက်များ၊ အုတ်နံရံနှင့် အဆောက်အအုံ၏ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ကြောင်း ယင်းရုံးထံမှ သိရသည်။

အဆိုပါကျောင်းတွင် မူလတန်းကျောင်း ကျောင်းသူ၊ ကျောင်းသား ၄၄ ဦးရှိပြီး အလယ်တန်းအဆင့်တွင် ၁၉ ဦး၊ အထက်တန်း အဆင့်တွင် ၁၈ ဦး စုစုပေါင်း ၈၁ ဦး ကျောင်းတက်နေသည့် ကျောင်းဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗုံးပေါက်ပြီး နောက်တစ်ရက်တွင် စာသင်‌ကျောင်းထဲကို သက်ဆိုင်ရာက လာရောက်ကြည့်ရှုစစ်ဆေးပေးပြီး ဗုံးအကြွင်း အကျန်များ မရှိဟုပြောဆိုသော်လည်း ယနေ့ (စက်တင်ဘာ ၁၄) အထိ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းသို့ မလာရဲတော့သလို ဆရာ၊ ဆရာမများလည်း ကျောင်းဝင်းထဲ မဝင်ရဲဖြစ်‌နေကြောင်း ၎င်းက ဆိုသည်။  

“ကျောင်းသားတွေလည်း ကျောင်းကို မလာကြဘူး။ ဆရာ၊ ဆရာမတွေလည်း ကျောင်းထဲကို ဝင်မရဲတော့ အပြင်က ကျောင်းရဲ့ ပတ်ဝန်းကျင်မှာ ဆရာ၊ ဆရာမတွေရှိတယ်။ သူတို့လည်း ကလေးတွေမရှိတော့ ဒီအတိုင်းပဲ စောင့်ကြည့်ပြီး နေနေတယ်ပေါ့နော်” ဟု တာဝန်ရှိသူက ပြောဆိုသည်။

စာသင်ကျောင်းကို ပစ်မှတ်ထားပြီး ဗုံးဖောက်ခွဲမှု မလုပ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

သရက်နှစ်ခွရွာမှ ဒေသခံအချို့ကလည်း ကျောင်းသွားနေသည့် ကျောင်းသားများကို ယခုရက်ပိုင်းအတွင်း မမြင်တွေ့ရကြောင်း ပြောသည်။

ယခုဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရသေးသော်လည်း ယခင်က ကျောင်းမတက်ရန်၊ ကျောင်းမဖွင့်ရန်၊ ဆရာ၊ ဆရာမများအနေဖြင့် CDM ပြုလုပ်ရန် စသည့်သတိပေးစာများ ကျောင်းနံရံတွင် လာကပ် သည်များ ရှိခဲ့ဖူးကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။

Dawei Watch အနေဖြင့်လည်း ယင်းဗုံးပေါက်ကွဲမှုမှာ မည်သူတို့၏ လက်ချက်ဖြစ်သည် အတည်မပြုနိုင်သေးပေ။

အဆိုပါ ဗုံးပောက်ခွဲမှုကြောင့် တန်ဖိုး ကျပ် ခုနှစ်သိန်းနှစ်သောင်းခန့်ဖိုး ပျက်စီးကြောင်း ယင်းရုံးထံမှ သိရသည်။

စာသင်ကျောင်းသည် သရက်နှစ်ခွကျေးရွာအထွက်တွင်ရှိပြီး စာသင်ကျောင်းရှိပြီး စာသင်ကျောင်းမှ ဆိုင်ကယ်ဖြင့် နှစ်မိနစ်ခန့် သွားလျှင် ဥတ္တူတံတားရှိကာ ယင်းတံတားတွင် စစ်ကောင်စီတပ်က တပ်စွဲကာ ဂိတ်ဖွင့်ထားသည်။