ထိုင်းတွင် ဗီဇာသက်တမ်းတိုးပေးမည်ဟုဆိုကာ မြန်မာအချင်းချင်း ဘတ်ငွေသိန်းချီလိမ်

0
4152
ပုံစာ - အမှုဖွင့်တိုင်ကြားခဲ့သော မြန်မာအလုပ်သမားများ/ဓာတ်ပုံ - Bangkok Post

ဗီဇာသက်တမ်းတိုးပေးမည်ဟုဆိုပြီး ဘတ်ငွေသိန်းချီ လိမ်လည်သွားသည့် မြန်မာအမျိုးသမီးပွဲစားကို မြန်မာအလုပ်သမား ၁၃ဦးက ထိုင်းရဲတပ်ဖွဲ့ထံတွင် ယနေ့ (စက်တင်ဘာ ၁၃) အမှုဖွင့်တိုင်ကြားလိုက်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။

ငွေလိမ်သွားသော မစန်းဝင်း အမည်ရှိ ပွဲစားကို မြန်မာအလုပ်သမားများက စမူပရကန်ခရိုင် စမ်ရွန်တိုင်ရဲစခန်းတွင် လိုက်ပါဆောင်ရွက်ပေးသော ထိုင်းနိုင်ငံသား ရှေ့နေတစ်ဦးနှင့်အတူ လာရောက်အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားများသည် ထိုင်းတွင် တရားဝင်ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ဗီဇာသက်တမ်းတိုးရန် မြန်မာနိုင်ငံသားပွဲစား မစန်းဝင်းဆိုသူနှင့် ဇွန်လတွင် တွေ့ဆုံခဲ့သည်ဟု ဖော်ပြသည်။

ပွဲစားကလည်း မြန်မာအလုပ်သမားများ၏ ဗီဇာသက်တမ်း တိုးပေးနိုင်ကြောင်း သေသေချာချာပြောဆိုခဲ့သည်ဟု အမှုဖွင့်တိုင်ကြားသူတစ်ဦးဖြစ်သည့် မမေသူက သတင်းတွင် ပြောဆိုထားသည်။

သက်သေခံကတ် (ID Card) နှင့် ဗီဇာသက်တမ်းတိုးရန် ၎င်းအပါအဝင် အလုပ်သမား ၃၃ ဦးအတွက် တစ်ဦးလျှင် ဘတ် ၁၀၀၀၀ နှုန်းဖြင့် ဘတ် ၃ သိန်းကျော်ကို အချို့က လက်ငင်းငွေသား၊ အချို့က ဖုန်းမှတဆင့် လွှဲထားပြီး ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ဗီဇာသက်တမ်းတိုးစာရွက် အထောက်အထားကို အကြိမ်ကြိမ်စောင့်ဆိုင်းကာ တောင်းဆိုသော်လည်း ပွဲစား မစန်းဝင်းဆိုသူက စာရွက်စာတမ်းများမှာ လုပ်ဆောင်နေဆဲရှိသေးသည်ဟုသာ ဖြေကာ ရှောင်လွှဲနေခဲ့ကြောင်း မမေသူက ပြောသည်။

ပွဲစား မစန်းဝင်းဆိုသူမှာ စက်တင်ဘာ ၁၁ ရက်နေ့တွင် ငွေနှင့်အတူ ထွက်ပြေးသွားကြောင်း ကြားလိုက်ရသဖြင့် ထိုင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းတွင် ရေးသားသည်။