ထိုင်းသို့ တရားမဝင်လာသည့် မြန်မာလုပ်သား ၁၈ဦး ဖမ်းဆီးခံရ

0
4079

ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်ရှိ အမြန်လမ်းတွင် မောင်းပြေးသွားသော ပစ်ကပ်ကားတစ်စီးကို လိုက်လံဖမ်းဆီးရာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၈ဦးကို ယနေ့ (စက်တင်ဘာ ၁၃) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ကားတစ်စီး မောင်းနှင်လာသည်ဟု သတင်းရသဖြင့် စူဖန်ဘူရီခရိုင် ဒွန်းကျေဒီးဒေသရှိ အမြန်လမ်းတွင် အမြန်လမ်းရဲတပ်ဖွဲ့က စောင့်ဆိုင်းနေခဲ့ကြောင်း ဖော်ပြသည်။

ယင်းကားကို ကီလိုမီတာ ၁၀၀ အကွာဝေးအထိ နောက်ကလိုက်လာကာ ရပ်တန့်ရန် အချက်ပြခဲ့သော်လည်း မရပ်တန့်ဘဲ အရှိန်တင်မောင်းကာ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရကြောင်း သတင်းများတွင် ရေးသားထားသည်။

ကားအနောက် ဖုံးထားသော ကင်းဗက်အနက်ရောင်အောက်တွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး ၁၈ ဦးတို့ကို ဖမ်းဆီးရမိကြောင်း‌ ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် တာခ့်ခရိုင် မဲဆောက်ဒေသအတွင်းသို့ တောလမ်းခရီးအတိုင်း ခြေကျင်ခရီးဖြင့် လမ်းလျှောက်လာခဲ့ကြပြီး တောထဲတွင် ၂ ရက် ၃ ရက်ခန့်ကြာသည်အထိ နေထိုင်ခဲ့ရကြောင်း ဖော်ပြသည်။

ထိုမှတစ်ဆင့် ကားဖြင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နိုင်ရန် သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရပြီး အဆိုပါခရီးစဉ် အတွက် ဘတ် ၃၀၀၀၀ မှ ၃၅၀၀၀ (ကျပ်သိန်း ၃၀ ခန့်) အထိ ပေးချေရမည်ဖြစ်ကြောင်း ရေးသားကြသည်။

အသက် ၂၅နှစ်အရွယ် ထိုင်းနိုင်ငံသား ကားသမားကိုလည်း ဖမ်းမိပြီး မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်ပေးသည့်အတွက် ဘတ်တစ်သောင်း ရရှိသည်ဟု ထွက်ဆိုထားသည်ဟု ဆိုသည်။

ကားသမားအပါအဝင် မြန်မာအလုပ်သမား အားလုံးကို ထိုင်းဥပဒေအရ ဆက်လက် အရေးယူရန် ဒွန်းကျေဒီးရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများအရ သိရသည်။

ပြည်တွင်း မလုံခြုံမှု၊ ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ငွေကြေးဖောင်းပွလာမှု၊ အလုပ်အကိုင် ရှားပါးလာမှု တို့ကြောင့် မြန်မာအလုပ်သမားများသည် ဘတ် ၂၀၀၀၀ မှ ၅၀၀၀၀ အထိ အကုန်အကျခံကာ ထိုင်း၊ မလေးရှားနိုင်ငံများသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်လျက် ရှိသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်ရာတွင် ပြီးခဲ့သောဩဂုတ်လအတွင်း ကားတိုက်မှု ၂ ကြိမ်ဖြစ်ပွားမှုကြောင့် မြန်မာအလုပ်သမား အနည်းဆုံး ၈ ဦး သေဆုံးခဲ့သည်။

Ref: Siamrath Online, nwewna