ရေဖြူ သပြေဇွန်းရွာသားတစ်ဦး ပစ်သတ်ခံရ

0
4804

ရေဖြူမြို့နယ် သပြေဇွန်းရွာသား အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းက ကျခတ္တာပင်အင်းရွာ ဘုန်းကြီးကျောင်းအနီး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

သေဆုံးသူမှာ အသက် ၄၀ကျော်အရွယ် ဦးသိန်းဇော် (ခေါ်) ညူးညူး ဆိုသူဖြစ်ပြီး ယင်းနေ့ နံနက် ၁၁ နာရီခန့်က ဇနီးဖြစ်သူနှင့်အတူ အလုပ်ခွင်မှ နေအိမ်သို့ ထမင်းစားပြန်စဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“နောက်က ဆိုင်ကယ်တစ်စီးလိုက်လာပြီး သေနတ်နဲ့ပစ်တယ်။ ဆိုင်ကယ်လဲသွားမှာ ဦးခေါင်းကို ချည်းဖိပစ်တယ်” ဟု ဇနီးဖြစ်သူ၏ ပြောဆိုချက်ကို နောက်ဒေသခံတစ်ဦးက ပြန်လည်ပြောဆိုသည်။

ဦးသိန်းဇော်ဆိုသူမှာ ဦးခေါင်းတွင် ကျည်ထိမှန်သည့်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ဇနီးဖြစ် သူမှာ ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဦးသိန်းဇော်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

၎င်း၏ ရုပ်အလောင်းကို နေအိမ်သို့ ပြန်သယ်ယူလာခြင်းမရှိဘဲ ယင်းနေ့ ညနေပိုင်းတွင်ပင် ရေဖြူမြို့နယ်သုသာန်၌ သင်္ဂြိုဟ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

ဦးသိန်းဇော်တွင် ဇနီးနှင့် သားယောက်ျားလေး သုံးဦးကျန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေဖြူမြို့နယ်တွင် ဩဂုတ်လ တစ်လအတွင်းမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးအထိ ပစ်သတ်ခံရပြီး စက်တင်ဘာလ ၈ရက်တွင် အမျိုးသားတစ်ဦး ထပ်မံပစ်သတ်ခံရသဖြင့် နှစ်လအတွင်း ခုနှစ်ဦးခန့်အထိ ပစ်သတ်ခံရပြီး သေဆုံးခဲ့သည်။

အထက်ပါသတ်ဖြတ်မှုများတွင် လက်သည်ပေါ်ခြင်း မရှိသေးပေ။

ဒေသတွင်းလှုပ်ရှားနေသည့် Yephyu people Defence Force-YPDF ၊ Dawei Guerrilla Revolutionary Force-DGRF ၊ Launlone People Defense Force-LLPDF ၊ T-PDF အဖွဲ့တို့ကမှု ယင်းသတ်ဖြတ်မှုများသည် ၎င်းတို့ အဖွဲ့လေးခုနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း စက်တင်ဘာလ ၁၁ ရက်တွင် ပူးတွဲထုတ်ပြန်ချက်ထားသည်။