ထားဝယ်တွင် ရွှေအတိုးနှုန်းတက်

0
4822

ရွှေပေါင်နှံသူများပြားနေသည့် တနင်္သာရီတိုင်း ထားဝယ်တွင် အပေါင်ဆိုင်များက ရွှေအတိုးနှုန်း တိုးမြှင့်လိုက်ကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကြောင့် စပေါင်ချိန်တွင် ပေးလိုက်သည့် ငွေတန်ဖိုးမှာ ပြန်ရွေးချိန်တွင် တန်ဖိုးလျော့ကျသွားပြီဖြစ်သဖြင့် အပေါင်ဆိုင်များအနေဖြင့် အရှုံးကာမိစေရန် ယင်းသို့အတိုးနှုန်း တိုးမြှင့်ရခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။

ယခင်က ရွှေအပေါင်ထားပြီး ငွေကျပ်တစ်သိန်းချေးလျှင် တစ်ထောင့်ငါးရာကျပ် အတိုးယူနေရာမှ စက်တင်ဘာလမှစတင်ကာ အတိုးနှစ်ထောင်ကျပ်ယူနေကြောင်း ၎င်းတို့က ဆိုသည်။

ငွေကျပ်တစ်ရာလျှင် တစ်ကျပ်ခွဲအတိုးနှုန်းယူနေရာမှ လက်ရှိတွင် နှစ်ကျပ်သို့ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ထားဝယ်ဒေသတွင် ရွှေပေါင်မည်ဆိုပါ စည်ပင်သာယာလိုင်စင်ရအပေါင်ဆိုင်ထက် ရွှေဆိုင်များတွင်သာ အပေါင်ထားပြီး ငွေချေးကြသည်။

မြန်မာနိုင်ငံ၏ ရွှေပေါက်ဈေးမှာ ပြီးခဲ့သည့် ဩဂုတ်လကုန်တွင် စံချိန်တင်မြင့်တက်ခဲ့ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင်ဖြစ်သွားခဲ့သလို၊ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၄၇၀၀ ကျပ်နှင့် ထိုင်းတစ်ဘတ်လျှင် ကျပ် ၁၀၀ ဝန်းကျင်အထိဖြစ်လာခဲ့သည်။

ယင်းသို့သော အခြေအနေတွင် ငွေလိုသူများက ရွှေကို မရောင်းကြတော့ဘဲ ပေါင်သူများလာကြောင်း ထားဝယ်စည်ပင်သာယာဈေးရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ထိုကဲ့သို့ ကျပ်ငွေတန်ဖိုးကျဆင်းနေချိန်တွင် ရွှေဆိုင်အများစုက ရွှေအပေါင်ထားပြီး ငွေမချေးချင်ကြတော့သည့်အတွက် အတိုးနှုန်းကို တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ငွေတန်ဖိုး နည်းလာတော့ အတိုးနှုန်းကို မြှင့်ယူလာကြတာ၊ အမှန်ပြောရရင် မချေးချင်ကြဘူး”ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

ထိုကဲ့သို့ ရွှေအပေါင်ထားပြီးငွေချေးရာတွင် အတိုးနှုန်းမမြှင့်မီ ပေါင်ထားပါက တစ်ကျပ်ခွဲအတိုးဖြင့်ပင် ကောက်ခံပြီး အတိုးနှုန်းမြှင့်ပြီးချိန်လာပေါင်ပါက နှစ်ကျပ်တိုးယူမည်ဟုပြောကြောင်း အခုရက်ပိုင်းအတွင်း ရွှေပေါင်ခဲ့သည့် ထားဝယ်မြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ အမျိုးသမီးက အတိုးနှုန်းမမြှင့်ခင်က ပေါင်ထားသည့်ရွှေထည်ပစ္စည်းကို ပြန်ရွေးကာ အခြားပစ္စည်းအသစ်ကို သွားပေါင်ခြင်းဖြစ်သည်။

“လူလည်ကျတာလို့ ခံစားရလို့ ပစ္စည်းအဟောင်းကိုပဲ ပြန်ထားခဲ့လိုက်တယ်”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ထားဝယ်ရွှေဆိုင်အများစုတွင် ရွှေတစ်ကျပ်သားအပေါင်ထားပြီးငွေချေးပါက ပျမ်းမျှအားဖြင့် ကာလပေါက်ဈေးထက် ကျပ်ငါးသိန်းခန့် လျော့ပြီးချေးလေ့ရှိကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။

အတိုးနှုန်းကိုလည်း သုံးလတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ် ပေးသွင်းရလေ့ရှိသည်။

ထားဝယ်စည်ပင်သာယာ ဈေးကြီးပတ်လည်တွင် ရွှေဆိုင်အခန်းပေါင်း တစ်ရာနီးပါးရှိသည်။