ထိပ်စည်းပြောင်းသွားသည့် ထားဝယ်ရွှေဈေး

0
5151

ဈေးဆက်တိုက်မြင့်တက်ခဲ့သည့် အခေါက်ရွှေဈေးနှုန်းသည် ယနေ့ နေ့လယ်ပိုင်းက ထားဝယ်ဈေးကွက်တွင် ထိပ်စည်းပြောင်းသွားပြီး အကျဘက်ပြန်ရောက်သွားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်အချို့ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်ကျော် (၃,၀၄၀,၀၀၀ ကျပ်) ပေါက်ဈေးရှိခဲ့သည်။

ယင်းနေ့ နေ့လယ်ပိုင်းတွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၉၉၀၀၀၀ ကျပ်ဖြစ်သွားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင် အချို့ထံမှ သိရသည်။

ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ဩဂုတ်လကုန်က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် ၁၃ ရက်အကြာတွင် သိန်း ၃၀ အောက်သို့ ပြန်ရောက်လာခြင်းဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေး မကျသော်လည်း ဒေါ်လာဈေးကျနေသည့်အတွက် ရွှေဈေး ဆက်ကျနိုင်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ခန့်မှန်းသည်။

စက်တင်ဘာလ ၁၃ ရက် နေ့လယ်အချိန်၏ အမေရိကန်ဒေါ်လာပေါက်ဈေးမှာ ၃၄၀၀ ကျပ် ဝန်းကျင်ရှိပြီး ပြီးခဲ့သည့်ရက်ကထက် ကျပ်ရာဂဏန်း ဈေးကျလာသည်။

“ထားဝယ်မှာက အဝယ်နည်းလို့ ဈေးလည်း ပိုအီနေတာမျိုးပါ။ အခုအနေအထားအရတော့ အကျပိုင်းဘက် ဖြစ်လောက်မယ်ထင်တယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်ဈေးကွက်တွင် ကျပ်သိန်း ၃၀ အောက် ဈေးပေါက်နေသော်လည်း ရန်ကုန်ဈေးကွက်တွင်မူ သုံးဆယ်သိန်းငါးထောင် (၃,၀၀၅,၀၀၀ ကျပ်) ဖြင့် ရောင်းချနေသည်။

ထို့အပြင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၉၉၀၀၀၀ ကျပ်ဈေးပေါက်နေချိန်တွင် ၁၅ ပဲရည်တစ်ကျပ်သားလျှင် ၂၈ သိန်း ဝန်းကျင်ရှိကြောင်း ထားဝယ်ဈေးကွက်အတွင်းမှ သိရသည်။