သရက်နှစ်ခွရွာတွင် ပစ်သတ်ခံရသည်ဟုသတင်းထွက်သည့် လူငယ် မသေ၊ ရိုက်နှက်ခံထားရဟုဆို

0
4969

သရက်ချောင်းမြို့နယ် ချောင်းနှစ်ခွရွာ ဥတ္တူတံတားတပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံး သွားသည်ဟု သတင်းထွက်နေသည့် အသက် ၁၆နှစ်အရွယ် လူငယ်ကို ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ပြန်တွေ့ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အသက် ၁၆ နှစ်အရွယ် ကိုညီညီ (ခ) ကိုအောင်ပိုင်စိုးမှာ ရေဖြူမြို့နယ် ရငဲရွာဇာတိဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သရက်နှစ်ခွရွာတွင် နေထိုင်သည့် အစ်မဖြစ်သူထံ လာရောက်ခြင်းဖြစ်ကြောင်း ဒေသခံ အချို့က ဆိုသည်။

ကိုအောင်ပိုင်စိုးမှာ ယင်းနေ့ ညနေပိုင်းတွင် သရက်ချောင်းမြိုနယ်ဘက်သို့ သွားပြီး သရက်နှစ်ခွရွာသို့ အပြန် ဥတ္တူတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သဖြင့် သေဆုံးပြီဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက် စက်တင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းတွင် ဥတ္တူတံတားဂိတ်သို့ သွားရောက်စုံစမ်းရာ အသက်မသေဘဲ တွေ့ခဲ့ရကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ရိုက်နှက်ထုထောင်းထားတဲ့ ဒဏ်ရာတွေတော့ ရှိတယ်ပေါ့နော်။ သူက မယားနဲ့ကွဲပြီး လာတယ်ဆိုတော့လည်း မယားစိတ်နဲ့ ရူးနေတဲ့ပုံမျိုးလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့နော်။ စိတ်က အကြီးကျယ်မနှံ့ပဲလိုမျိုးဖြစ်နေတာပေါ့နော်။ သူနဲ့ တွေ့ချိန်မှာ ပါးတွေယောင်နေလို့ စကားတောင်သိပ်မပြောနိုင်ဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပြောစကားအရ ၎င်း၏ညီဖြစ်သူမှာ ဆိုင်ကယ်ကို မတားဘဲနှင့် ထိုးရပ်လာပြီး သေနတ် ဝင်လုပြီး ၎င်းအား ပစ်သတ်ရန်ပြောဆိုကြောင်း မိသားစုဝင်က ပြန်လည် ပြောပြသည်။

ယင်းသို့ သေနတ်ဝင်လုသဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်ဟု ပြောဆိုပြီး သုံးရက် လေးရက်ခန့် ထိန်းသိမ်း ထားပြီးမှ ပြန်လွှတ်ပေးမည်ဟုလည်း ပြောဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။  

သရက်နှစ်ခွရွာမှာ ထားဝယ်-မြိတ်ကားလမ်းဘေးတွင် တည်ရှိပြီး ထားဝယ်မြို့မှ ၁၁ မိုင်ခန့်အကွာတွင် တည်ရှိသည်။

စက်တင်ဘာ ၁၂ ရက် ည ၇ နာရီခွဲခန့်ကမူ သရက်နှစ်ခွရွာ အထက (ခွဲ) ကျောင်းရှေ့တွင် မိုင်းပေါက်ကွဲ ခဲ့သေးကြောင်း ဒေသခံအချို့က ပြောသည်။

သရက်နှစ်ခွရွာအထွက် ဥတ္တူတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၉ ရက်ခန့် ကတည်းက ညစဉ်လို လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး မည်သည့်နေရာကို ပစ်သည်ကိုမူ မသိရကြောင်း ဒေသခံရွာသားအချို့က ပြောသည်။