ပုလောစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌဟောင်း ပစ်သတ်ခံရ

0
4097
ဓါတ်ပုံ - သေဆုံးသူ ဦးမောင်ယု

မြိတ်ခရိုင်၊ ပုလောမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌဟောင်း စက်တင်ဘာလ ၁၂ရက် ညနေပိုင်းက ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်သတ်ခံရသည့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးမောင်ယုမှာ ပုလောမြို့နယ် တောင်ယာကမ်းရွာတွင် နေထိုင်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူက ဆေးလိုက်ထိုးနေသူပါ။ မနေ့ညနေက ၄ မိုင်ဖက်မှာ ပစ်သတ်ခံရပြီး သေသွားတယ်။ ဆိုင်ကယ်နဲ့ ကြေးပြား (ငွေ) တွေ ပါသွားတယ်လို့ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ဦးမောင်ယုသည် လက်ရှိတွင် ဘိသိက်ဆရာ၊ အပ်ပုန်း (ရမ်းကုဆေး) ဆရာအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်ဟုလည်း ဆိုသည်။

ဦးမောင်ယုအား ပုလောဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် သင်္ကန်းမှော်နှင့် ရွှေလုံးအော်အကြားတွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဦးမောင်ယုသည် စစ်ကောင်စီတပ်အား လမ်းပြလုပ်ပေးခြင်း၊ CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ လက်နက်ကိုင်ထားပြီး ရွာသူရွာသားများကို ခြိမ်းခြောက်ခြင်း စသည့်တို့ကို ပြုလုပ်နေသည့်အတွက် ‘နန်းထိုက်အောင် စစ်ဆင်ရေးတစ်ရပ်’ အနေဖြင့် ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟုလည်း ဖော်ပြသည်။

၎င်းထံမှ လက်ပစ်ဗုံး နှစ်လုံး၊ ဖုန်း တစ်လုံး၊ Wave ဆိုင်ကယ် တစ်စီး၊ ငွေကျပ် ကိုးသိန်း၊ မှတ်ပုံတင် ရှစ်ခု၊ WY စိတ်ကြွဆေး ရှစ်လုံးနှင့် ခဲပြား တစ်ပြား၊ ကွန်ဒုံး နှစ်ခု၊ လက်စွပ် သုံးကွင်း၊ ဆေးထိုးအပ်နှင့် ဆေးဝါးများကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပါ။

ပုလောပြည်သူ့ကာကွယ်ရေးမဟာမိတပ်များသည် စစ်ကောင်စီတပ်များနှင့် မကြာခဏတိုက်ပွဲ ဖြစ်လေ့ရှိသည်။