ခေတ်ပျက်ချိန် ဘဝကိုရင်းကြသူများ

0
6954
ယင်းဂိမ်းများမှာ အမျိုးသားများကို အဓိကထားစွဲဆောင်ပြီး ကြော် ငြာကြသည်ကို တွေ့ မြင်ရသည်။

ဆိုင်ကယ်ပွဲစား ကိုကျော် (အမည်လွှဲ) တစ်ယောက် လက်ဖက်ရည်ဆိုင်အတွင်း လူရှင်းသည့် စားပွဲတစ်လုံးတွင် ဖုန်းတစ်လုံးနှင့် အချိန်ပြည့်အလုပ်ရှုပ်နေသည်။

ဖုန်းစကရင်‌ပေါ်တွင် လည်နေသည့် တိရစ္ဆာန်အကောင်လေးများကို မျက်တောင်မခတ်တမ်း ကြည့်ရင်း လက်ကလည်း ဖုန်းမျက်နှာပြင်ကို တစ်ချက်၊ တစ်ချက် နှိပ်နေပြန်သည်။

ပွဲစားကိုကျော်သည် ပွဲစဉ်တစ်ခု (တစ်ခါနှိပ်) လျှင် အနည်းဆုံး ၂၅ ကျပ်မှ ကျပ် ၁၀၀၀၀ အထိ အလောင်းအစား လုပ်နိုင်သည့် အွန်လိုင်းဂိမ်း ဆော့နေခြင်းဖြစ်သည်။

အသက် ၃၀ ကျော်အရွယ် ကိုကျော်တစ်‌ယောက် အွန်လိုင်းဂိမ်းစဆော့သည့်အချိန်မှစပြီး သူ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သည့် ဆိုင်ကယ်အကျိုး‌ဆောင် (ပွဲစား) အလုပ်ကိုပင် စိတ်မဝင်စားနိုင်တော့ချေ။

ဆိုင်ကယ်ဝယ်သူလာလျှင်လည်း စိတ်မဝင်စားတော့သလို ရောင်းသူလာလျှင်လည်း လှည့်မကြည့်နိုင်တော့သည်အထိ ဂိမ်းစွဲသွားခဲ့သည်။

ကိုကျော်တစ်ယောက် အွန်လိုင်းဂိမ်း စွဲမည်ဆိုလည်း စွဲလန်းလောက်သည်။ ပွဲစဉ်တစ်ခုလျှင် ငွေကျပ်တစ်ရာ လောင်းပါက အနိုင်ရချိန်တွင် အနည်းဆုံး ကျပ်ရာဂဏန်းမှစကာ ကျပ်သုံးသောင်းခန့်အထိ အနိုင်ရလေ့ရှိသည်။

တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး စီးပွားရေးကျဆင်းနေသည့် ယခုလိုအချိန်တွင် ငွေကြေးဖြင့်ဆော့ကစားရသည့် လောင်းကစားဂိမ်းများမှာ မြန်မာနိုင်ငံတွင် ခေတ်စားလာခြင်းဖြစ်သည်။

ယခင်က ပေါ်ပေါ်တင်တင် ကြော်ငြာခြင်းမရှိသည့် ယင်းလောင်းကစား ဂိမ်းများမှာ ယခုအခါ လူမှုကွန်ရက်များနှင့် လူကြည့်များသည့် ဝဘ်ဆိုက် (website) များတွင် အများအပြား ကြော်ငြာလာကြသည်။

အထူးသဖြင့် အမျိုးသားများ ဝင်ရောက်ကြည့်ရှုလေ့ရှိသော ဘောလုံးပွဲများ၊ ရုပ်ရှင်ဇာတ်လမ်းများ တင်သည့် ဝဘ်ဆိုက်များတွင် အများဆုံးကြော်ငြာလေ့ရှိသည်။

အွန်လိုင်းဂိမ်း အမျိုးအစားများလှပြီး တောင်ပေါ်သား၊ 777၊ Live22 ၊ ရှမ်းကိုးမီး စသည့် ဂိမ်းဆောဖ့်ဝဲလ်များမှာ လူသိများထင်ရှားသည်။

ထိုဂိမ်းဆော့ဝဲများစွာထဲမှ ကိုကျော်ဆော့နေသည့်ဂိမ်းက Live22 ဟု အမည်ရသည့် ဂိမ်းအက်ပလီကေးရှင်းဖြစ်သည်။

လူငယ်များအကြား ထင်ပေါ်ပြီး အများဆုံးဆော့ကြသည့် ဂိမ်းဆော့လ်ဝဲဖြစ်ပြီး ကစားနည်းပေါင်း ရာဂဏန်းအထိ ပါဝင်သည်။

ရေဘဝဲဂိမ်း၊ ငါးပစ်ဂိမ်း၊ ရေသူမဂိမ်း၊ ပေါင်ချိန်ဂိမ်း၊ စလော့ဂိမ်း စသဖြင့် ဂိမ်းအမျိုးအစား စုံလင်လှသည်။

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းပွဲစားတစ်ယောက်က မိတ်ဆက်ပေးသဖြင့် အစမ်းဆော့ကြည့်ရာမှ အစွဲအလန်း ဖြစ်သွားရသည်ဟု ကိုကျော်က ဆိုသည်။

၎င်းဂိမ်းဆော့လာသည့် အချိန် ၁ နှစ်ဝန်းကျင်အတွင်း ကျပ်သိန်းဆယ်ချီအနိုင်ရခဲ့ဖူးသည်။

“ဂိမ်းစဆော့ချိန်ဆိုတော့ တော်တော်လေး နိုင်ခဲ့တယ်။ ဒါပေမဲ့ အဖတ်မတင်ခဲ့ဘူး” ဟု ကိုကျော်က ပြောသည်။

ကိုကျော်ဆော့ခဲ့သည့် တစ်နှစ်တာအချိန်အတွင်း အနိုင်ရလိုက်၊ ပြန်ရှုံးလိုက်ဖြင့် သူတပြန် ကိုယ်တပြန်ဖြစ်နေသည်ဟု ဆိုသည်။

ထိုကာလအတွင်း ၁၀ ကြိမ်မက အနိုင်ရပြီး နောက်ဆုံးစာရင်းချုပ်ချိန်တွင် ကျပ်သိန်း ၅၀ ခန့် အရှုံးပြသွားခဲ့သည်ဟု ကိုကျော်က ပြောသည်။

ကိုကျော်ဆော့ခဲ့သည့် Live22 ဂိမ်းဆော့ဖ်ဝဲလ်မှာ တရားဝင် အက်ပလီကေးရှင်းစတိုးဖြစ်သော Play Store တွင်မရှိဘဲ အွန်လိုင်းတွင် ရိုက်ရှာပြီး ဒေါင်းလုပ်ခ်လုပ်ရသည်။

ဂိမ်းဆော့ဖ်ဝဲလ်ရရှိပါက Live22 အကောင့်ဖွင့်ရန်အတွက် Viber ဖွင့်ထားသည့် ဖုန်း (အေးဂျင့်) ကိုဆက်သွယ်ပြီး User name နဲ့ Password ကို တောင်းယူရခြင်းဖြစ်သည်။

ထို့နောက် ဂိမ်းဆော့ရန်ငွေသွင်းမည်ဆိုပါက မိုဘိုင်းလ်ငွေကြေးစနစ်များဖြစ်သည့် Kpay သို့မဟုတ် Wave Money ဖုန်းနံပါတ်ကို အဆိုပါ Viber ဖွင့်ထားသည့် ဖုန်းမှတစ်ဆင့် ပြန်တောင်းရသည်။

ဂိမ်းဆော့ရန် ငွေသွင်းရာတွင်လည်း အနည်းဆုံး ငွေကျပ်နှစ်ထောင်လွှဲရသော်လည်း ဂိမ်းဆော့သူအများစုက ငါးထောင်ကျပ်နှင့်အထက် လွှဲပြီး ဆော့ကြသည်။

အနိုင်ရ၍ ငွေပြန်ထုတ်မည်ဆိုပါက အထက်ပါ Viber ဖုန်းကိုပင် ငွေမည်မျှထုတ်မည်။ Kpay သို့မဟုတ် Wave money ဖြင့် ယူမည်ဟု မက်ဆေ့ပို့ပါက မိနစ်ပိုင်းအတွင်း ထုတ်ယူနိုင်ပေသည်။

ထိုသို့ အွန်လိုင်းစနစ်ဖြင့် ချိတ်ဆက်ပြီး အလွယ်တကူ လောင်းကစားလုပ်နိုင်စေရန် စနစ်တကျပြုလုပ်ထားသဖြင့် လူငယ်များကိုသာမက လူကြီးများကိုပါ ဆွဲဆောင်နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ယင်းအွန်လိုင်းဂိမ်းထောင်သည့် အလုပ်မှာ တွင်ကျယ်လှသည်။

ထိုင်းရောက်မြန်မာနိုင်ငံသားများနှင့် ထိုင်းလူမျိုးများလည်း ယင်းဂိမ်းထောင်ထားကြကြောင်း ကိုယ်တိုင်အွန်လိုင်းဂိမ်း ထောင်ထားသူတစ်ဦးကဆိုသည်။

ယင်းဆော့ဖ်ဝဲကို တစ်ကြိမ်ဝယ်ရင်းထားရုံသာလိုပြီး ပုံမှန်အမြတ်ဝင်ငွေရနေကြောင်း၊ ဂိမ်းရေးသူများက လူ့စိတ်ကို အခြေခံပြီး ရေးဆွဲထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

စဆော့ကာစတွင် ဂိမ်းစွဲလာစေရန်အတွက် လူသစ်ဆိုပါက အနိုင်များများရစေရန် ဂိမ်းကိုရေးဆွဲထားပြီး နောက်ပိုင်းတွင် နိုင်လိုက်ရှုံးလိုက် စသဖြင့် စိတ်ကိုဆွပေးကြောင်း၊ ယင်းကြောင့် စဆော့သူအများစုမှာ ဂိမ်းစွဲသွားပြီး ရှိသမျှ‌ရောင်းချကာ ဆော့ကြခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခင်က အားလပ်သည့်ရက်များတွင် မောင်းမကန်ကမ်းခြေ အပါအဝင် ထားဝယ်ဒေသရှိ ကမ်းခြေများ၊ ရေတံခွန်များနှင့် တောင်တက်ခရီးစဉ်များကို သွားလာလည်ပတ်သူများပြားခဲ့သည်။

လက်ရှိတွင်မူ တိုက်ပွဲများ၊ ပစ်ခတ်သတ်ဖြတ်မှုများနှင့် စစ်ဆေးဖမ်းဆီးမှုများကြောင့် သွားလာသူမရှိသလောက် နည်းပါးသွားသည်။

ယင်းကဲ့သို့သော အခင်းအကျင်းတွင် မည်သည့်နေရာမျှ သွားစရာမလိုဘဲ စိတ်ထွက်ပေါက်ရနိုင်သည့် အွန်လိုင်းဂိမ်းဘက် လက်တည့်စမ်း ဆော့လာကြသည်။

ယင်းကဲ့သို့ လက်တည့်စမ်းသည့်အထဲတွင် ကိုကျော်၏ သူငယ်ချင်း ကိုမိုးလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။

စဆော့ချိန်က ပွဲစဉ်တစ်ခုလျှင် ကျပ်ငါးဆယ်ဖြင့် အပျော်သဘောဆော့ရာမှ အနိုင်ရသည့် အကြိမ်ရေများလာချိန်တွင် လောဘစိတ်ဝင်လာသည်ဟု ကိုမိုးက ဆိုသည်။

“အစကတော့ အပျင်းပြေသဘောပဲ ဆော့ကြည့်တာ၊ အခုတော့ အားတဲ့အချိန်ဆို ဒီဂိမ်းဆော့ဖို့ပဲ စိတ်က ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ကိုမိုး လောဘတက်မည်ဆိုလည်း တက်ချင်စရာပင်။

အချို့ရက်များတွင် နာရီပိုင်းအကြာဆော့လိုက်ရာ ငွေကျပ်သုံးသိန်းကျော်အထိ အနိုင်ရခဲ့ဖူးကြောင်း ကိုမိုးက ဆိုသည်။

ဂိမ်းစဆော့သည့် ဧပြီလဝန်းကျင်မှ လက်ရှိအချိန်အထိ စုစုပေါင်း ၁၀ သိန်းကျော်နိုင်ထားပြီး ၆ သိန်းကျော် ရှုံးထားသည်ဟု wave money အကောင့်၏ ဝင်ငွေ ထွက်ငွေစာရင်းကို ကြည့်ရင်း ၎င်းက ပြောသည်။

လက်ရှိတွင် ကိုမိုးဂိမ်းဆော့တတ်အောင် သင်ပေးခဲ့သည့် ကိုကျော်ကတော့ ဂိမ်းဆော့ဝဲကို ဖုန်းထဲမှ ဖျက်ပစ်လိုက်သည်အထိ စိတ်နာသွားသည်။

၎င်းလုပ်ကိုင်ရှာဖွေထားသည့် ငွေကြေးအရင်းအနှီးထဲမှ ကျပ်သိန်းရာဂဏန်းနီးနီးကို ဂိမ်းက ပြန်ယူသွားခဲ့သည်။

“တော်ပြီ ဂိမ်းဆိုတဲ့အသံတောင် မကြားချင်တော့ဘူး။ ရှာထားတဲ့ (စီးပွားရေး) အရင်းအနှီးတွေက ကုန်သလောက် ဖြစ်သွားပြီလေ” ဟု ကိုကျော်က ‌ပြောသည်။