မြိတ်ကပ်ကြေးကိုက် ဈေးနှစ်ဆတက်လာ

0
4190
ပုံစာ - ကျပ်တစ်ထောင်တန် ကပ်ကြေးကိုက်တစ်ပွဲ။

မြိတ်ဒေသခံများ အချိန်သုံးပါးစလုံး စားသုံးလေ့ရှိကြသည့် ကပ်ကြေးကိုက်မှာ ယခင်က တစ်ပွဲကျပ်ငါးရာဖြင့် ရောင်းချနေရာမှ လက်ရှိတွင် တစ်ပွဲကျပ်တစ်ထောင်သို့ ဈေးတက်သွားပြီဖြစ်ကြောင်း စားသုံးသူ ဒေသခံများက ပြောသည်။

လူအများနေ့စဉ် စားသောက်နေကြသည့်အစားအသောက်များ ဈေးတက်လာသလို မြိတ်ရိုးရာအစားအစာ ကပ်ကြေးကိုက်သည်လည်း ဈေးတက်လာခြင်းဖြစ်ကြောင်း ဒေသခံစားသုံးသူများထံမှ သိရသည်။

“အရင်က ပိုက်ဆံတစ်ထောင်ရှိရင် ကပ်ကြေးကိုက်စားပြီး လက်ဖက်ရည်သောက်လို့ရတယ်။ အခု မရတော့ဘူး” ဟု စားသုံးသူအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ အခြေခံလူတန်းစားရပ်ကွက်များတွင် ရောင်းချနေသည့် ကပ်ကြေးကိုက်တစ်ပွဲ ယခင်က ကျပ်သုံးရာဖြင့် ဝယ်စား၍ရသော်လည်း လက်ရှိတွင်မရတော့ကြောင်း ကလေးမိခင်တစ်ဦးက ပြောသည်။

“အရင်က ကလေးကို ပိုက်ဆံသုံးရာပေးလိုက်ရင် ကပ်ကြေးကိုက် ဝယ်စားလို့ရသေးတယ်။ ခုက ကပ်ကြေးကိုက် စားချင်တယ်ပြောရင် အနည်းဆုံး ငါးရာပေးနေရပြီ” ဟု ၎င်းက ပြောဆိုသည်။

ကပ်ကြေးကိုက်ကြော်ရာတွင် အသုံးပြုသည့် မုန့်ဖတ်၊ ပဲပင်ပေါက်၊ ဆီ၊ ငရုတ်သီးကြက်သွန်၊ ပဲဆီ၊ ပအုန်းရည်၊ ကြက်ဥ၊ ပုဇွန်၊ ကင်းမွန် စသည့်ဆက်စပ်ပစ္စည်းများ ဈေးတက်လာသည့်အတွက် ကပ်ကြေးကိုက်လည်း ဈေးတင် လိုက်ရကြောင်း ရောင်းချသူများက ပြောသည်။

“ဈေးက အစစအရာရာတက်နေတာ။ မတင်လို့လည်းမရ။ နားလိုက်ရင်လည်း တခြားလုပ်စရာ အလုပ်မှ မရှိတာ။ ဝယ်စားသူတွေလည်း ဒါကိုနားလည်ကြတယ်” ဟု ကပ်ကြေးကိုက်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ကပ်ကြေးကိုက်ကို ကြက်ဥ၊ ပင်လယ်စာ၊ (ပုဇွန်၊ကင်းမွန်) ကြက်သား၊ ဝက်သားတို့ဖြင့် ကြော်ချက်ရောင်းချကြပြီး အနိမ့်ဆုံးတစ်ပွဲ ကျပ်ငါးရာမှ ကျပ်သုံးထောင် အထိရှိကြောင်း ရောင်းချသူများနှင့် ဒေသခံများထံမှ သိရသည်။