ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားသုံးဦး ခိုးမှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရ

0
4342

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ပိတ်ထားသော ဟိုတယ်မှ ပစ္စည်း ဘတ် ၁၄ သန်းခန့်ဖိုး ခိုးယူရာတွင် ပါဝင်သည်ဟုစွပ်စွဲကာ မြန်မာအလုပ်သမားသုံးဦးကို ထိုင်းရဲက ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံရသူ၏ မိခင်တစ်ဦးက ပြောသည်။

ကော့စမွေကျွန်းရှိ ပိတ်ထားသော Chaweng Blue Lagoon the Teak Wing ဟိုတယ်တွင် သံချောင်းများ ဖြတ်ရန် အတွက် ထိုင်းအမျိုးသမီးတစ်ဦးက မြန်မာအလုပ်သမားသုံးဦးကို နေ့စားအဖြစ် ငှားရမ်းခိုင်းစေရာမှ ပစ္စည်းခိုးယူရာ တွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်ဟု ဆိုသည်။

အလုပ်သမားသုံးဦးတွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးပါဝင်ပြီး လက်ရှိအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။

အဆိုပါဟိုတယ်သည် ကိုဗစ်ကာလအတွင်း လနှင့်ချီပိတ်ထားခြင်းဖြစ်ကာ ဟိုတယ်အဆောက်အအုံနှင့် အခန်း အတွင်းက အမျိုးအစားအစုံပစ္စည်းပေါင်း ၃၈၀ ကျော်ကို ဖောက်ထွင်းခိုးယူခံထားရကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ပစ္စည်းများ ခိုးယူမှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ သံသယရှိသူ ကိုးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့ရာ နေ့စားအဖြစ် သွားရောက်လုပ်ကိုင်ခဲ့သော မြန်မာအလုပ်သမားသုံးဦးလည်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“ထိုင်းမ (အမျိုးသမီး) က ခိုင်းတုန်းက သူ့သူဌေးက ခိုင်းတာလို့ပြောတယ်။ အဲဒါကြောင့် ကျွန်မကလေးတွေက လုပ်ပေးလိုက်တာ။ ကလေးတွေကို စဖမ်းတုန်းက နေ့စားပဲလုပ်တယ်လို့ ဝန်ခံလို့ ပြန်လွှတ်ပေးပြီးပြီ။ အခုမိတာက ထိုင်းမဆီမှာ ပစ္စည်းတွေနဲ့ လက်ပူးလက်ကြပ်မိတာကို ဝန်မခံလို့ ကလေးတွေကိုလာပြန်ခေါ်သွားပြီး ထောင်ထဲ ထည့်လိုက်တာ” ဟု ဖမ်းဆီးခံထားရသူ ဇနီးမောင်နှံ၏ မိခင်တစ်ဦးက ဆိုသည်။

မြန်မာအလုပ်သမားများကို စက်တင်ဘာလ ၁ ရက်နေ့က ဟိုတယ်တစ်ခု၌ တစ်နေ့ ဘတ် ၁၀၀၀ ဘတ် နေ့စား အလုပ် လုပ်ရန် ထိုင်းအမျိုးသမီးတစ်ဦးက ငှားရမ်းခိုင်းစေခဲ့ရာ မြန်မာအလုပ်သမားများမှာ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

နှစ်ရက်သာ လုပ်ကိုင်ခဲ့ရပြီးနောက် ညနေပိုင်း နေ့စားလုပ်ခငွေ ရရန်စောင့်နေစဉ် ထိုင်းနိုင်ငံသားများနှင့်အတူ ထိုင်းရဲတပ်ဖွဲ့များ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ဆိုသည်။

စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် မြန်မာအလုပ်သမားများက နေ့စားအလုပ်သမားများသာဖြစ်သည်ဟု ဝန်ခံထွက်ဆိုခဲ့သဖြင့် ပြန်လွှတ်ပေးခဲ့ပြီးနောက် ငှားရမ်းစေခိုင်းခဲ့သော ထိုင်းအမျိုးသမီးမှာ ဝန်ခံထွက်ဆိုခြင်း မရှိသဖြင့် စက်တင်ဘာလ ၆ ရက်တွင် ပြန်လည်းအဖမ်းခံခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

စက်တင်ဘာလ ၇ရက် တရားရုံးရောက်သည်အထိ ထိုင်းအမျိုးသမီးက ဝန်မခံသဖြင့် မြန်မာအလုပ်သမားသုံးဦးမှာ ၈၄ ရက် ယာယီထိန်းသိမ်းရန် အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး မိဘဆွေမျိုးများနှင့် လူချင်းတွေ့ခွင့် မပေးကြောင်း မိခင်ဖြစ်သူက ဆက်လက်ပြောဆိုသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံထားရသူ၏ မိဘဖြစ်သူထံသို့ မြန်မာအလုပ်သမားသံအရာရှိရုံးက အချက်အလက်များ တောင်းခံထားပြီးဖြစ်ပြီး သံအရာရှိတစ်ဦးဦးနှင့် လူချင်းတွေ့ မဆွေးနွေးရသေးကြောင်း ၎င်းက ပြောသည်။

“ကျွန်မသံရုံးကို ဆက်သွယ်ထားတာ မကြာသေးဘူးဆိုတော့ အချက်အလက်တွေပဲ တောင်းထားသေးတယ်။ လူကိုယ်တိုင် မတွေ့ရသေးဘူး။ ဖြစ်စေချင်တာကတော့ ဝိုင်းပြီးကူညီပေးကြပါ။ ကလေးတွေ မတရားခံရမှာစိုးလို့ပါ” ဟု မိခင်ဖြစ်သူက အကူအညီတောင်းခံထားသည်။

မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိတို့က လိုက်ပါဆောင်ရွက်ပေးမှသာလျှင် အမှုသက်သာမည်ဖြစ်ကြောင်း ထိုင်တောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်း (FED) မှ အလုပ်သမားတာဝန်ခံ ဦးမင်းမင်းဦးက ပြောသည်။

“သံရုံးတွေ သံအရာရှိတွေက လိုက်လုပ်ပေးရင် အမှုသက်သာမယ်၊ မဟုတ်ရင် ဒီကလေးတွေ နှစ်နဲချီ ကြာသွားလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါမြန်မာအလုပ်သမားများ ဖမ်းဆီးခံရသောကိစ္စအတွက် ရနောင်းအခြေစိုက် မြန်မာအလုပ်သမား သံအရာရှိသို့ ဖုန်းဖြင့်ဆက်သွားမေးမြန်းရာ နောက်မှ ဖြေကြားပေးမည်ဖြစ်ကြောင်း ပြောသည်။

မြန်မာအလုပ်သမားများသည် အဆိုပါစွပ်စွဲချက်အတွက် အနည်းဆုံး ထောင်ဒဏ် ၇နှစ်နှင့် ငွေဒဏ်ဘတ် ၁၄၀၀၀၀ ချမှတ်နိုင်သော အမှုများဖြင့် ရင်ဆိုင်နေရကြောင်း Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။