ပန်းဒလဲရွာတွင် ပစ်ခတ်မှုဖြစ်၊ ပျူစောထီးများ ဒဏ်ရာရမှုများပြားနေဟုဆို

0
5271
Pandelell

စစ်ကောင်စီလက်ဝေခံ ပြည်သူ့စစ်ခေါ် ပျူစောထီးအဖွဲ့များ အခြေစိုက်သည့် လောင်းလုံးမြို့နယ်၊ပန်းဒလဲရွာတွင် ယနေ့ (စက်တင်ဘာလ ၁၂) နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုများနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

လောင်းလုံးမြို့တွင် အစည်းဝေးတက်ပြီး ပြန်လာသည်ဟုဆိုသည့် ပျူစောထီးအဖွဲ့ဝင်နှစ်ဦး ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က အင်းဇောက်ရွာနှင့် ပန်းဒလဲရွာကြားတွင် ပစ်ခတ်ခံခဲ့ရသည်။

ယင်းနောက်တွင် မတ်လ ၂၈ ရက်နေ့က ပစ်သတ်ခံခဲ့ရ‌သော ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်၏ နေအိမ်အနီး တွင်လည်း ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားရာ ဒဏ်ရာရရှိသူများပြားနေသည်ဟု ဒေသခံများကပြောသည်။

ယင်းပစ်ခတ်မှုကြောင့် အစည်းဝေးမှပြန်လာသူ အမျိုးသားနှစ်ဦးအပါဝင်  ဦးသိန်းဇော်၏ ဇနီးဖြစ်သူ မညိုဝင်းနှင့် တူဖြစ်သူ မောင်နိုင်လင်းအောင်တို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အရေးပေါ်ကား ငါးခေါက်လောက်ရှိပြီ၊ သူတို့အိမ်ရှေ့ကပဲ သယ်ထုတ်နေကြတယ်”ဟု ၎င်းကပြောသည်။

အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က ပြုလုပ်သည်ဆိုသည်ကိုမူ Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားသုံးစီးဖြင့် ရောက်ရှိလာပြီး စစ်ဆေးနေသည်ဟု ကနဦးသိရသည်။

ဒေသခံအချို့မှာလည်း နီးစပ်ရွာကျေးရွာများသို့ ထပ်မံ ပြောင်းရွှေ့နေကြသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

လောင်းလုံးမြို့နယ် ‌ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော်ကို ပြီးခဲ့သော မတ်လ ၂၈ ရက်နေ့တွင် ပစ်သတ်ခံရပြီးနောက် လောင်းလုံးမြို့နယ်အတွင်း ပျူစောထီးအဖွဲ့များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာလာခဲ့သည်။

ပန်းဒလဲကျေးရွာရှိ အင်အား ၁၅ ဦးကျော်ခန့်ရှိသော ပျူစောထီးအဖွဲ့နှင့် စွန်ရဲအဖွဲ့များက ကျေးရွာအတွင်း လက်နက်ကိုင် ရမ်းကားမှုများ ဆက်တိုက်ပြုလုပ်လာသည့်အတွက် ဒေသခံပြည်သူများမှာ မေလတွင် ရွာလုံးကျွတ် နေရပ်စွန့်ခွာပြေးခဲ့ကြရ‌သေးသည်။