ထားဝယ်လူငယ်သပိတ်ကော်မတီဝင်နှစ်ဦး အဖမ်းခံရ

0
401

ထားဝယ်လူငယ်များ၏ တော်လှန်ရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် နှစ်ဦး အဖမ်းခံရကြောင်း ယင်းကော်မတီက ယနေ့ (စက်တင်ဘာ ၁၀) တွင် သတင်းထုတ်ပြန်သည်။

ထားဝယ်လူငယ်သပိတ်ကော်မတီက အသက် ၁၈ နှစ်အရွယ် ကိုအောင်ကိုကိုလွင်မှာ စက်တင်ဘာလ ၉ ရက်က လမ်းတစ်နေရာတွင် အဖမ်းခံပြီး အသက် ၂၀ ဝန်းကျင်အရွယ် ကိုဟိန်းဇေအောင်မှာ ထားဝယ်မြို့၊ ပုံကျွန်းလမ်းရှိ ၎င်း၏‌ နေအိမ်တွင် ဖမ်းဆီးခံရကြောင်း အထက်ပါ ကော်မတီမှ တာဝန်ရှိတစ်ဦးက ပြောသည်။

ကိုအောင်ကိုကိုလွင်မှာ မည်သည့်နေရာတွင် မည်သည့်အချိန်၌ အဖမ်းခံရသည်ဆိုသည်ကို မနေ့က ညပိုင်းအထိ အတိအကျ မသိသေးကြောင်း ၎င်းက ဆိုသည်။

သို့သော် ကိုအောင်ကိုကိုလွင်မှာ ယနေ့ နံနက် ၆နာရီခန့်တွင် လက်နောက်ပြန် လက်ထိပ်ခတ်ခံထားရပြီး ကိုဟိန်းဇေအောင်၏ နေအိမ်ရှေ့သို့ လာခေါ်ချိန်မှ ဖမ်းဆီးခံထားရသည်ကို သိရှိခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

“ဒီနေ့မနက်ကျတော့ သူက ကိုဟိန်းဇေအောင်နေတဲ့ ပုံကျွန်းရပ်ကွက်က အိမ်ကိုလာတယ်။ နောက်မှာ စစ်သားတွေ ရဲတွေ တယောက်မှ မပါဘူး။ သူက ကိုဟိန်းဇေအောင်ဆိုပြီး လာခေါ်တယ်။ လာခေါ်တော့ ဟိန်းဇေအောင်က ထွက်ကြည့်တာမှာ ရဲတွေ စစ်သားတွေက နောက်မှ ပေါ်လာပြီး ဟိန်းဇေအောင်ကိုပါ တခါတည်း ခေါ်ဆောင် သွား တယ်။ ကိုအောင်ကိုကိုလွင်မှာ နောက်ပြန်လက်ထိတ်နဲ့ပဲ။ လက်ထိတ်ကို မမြင်အောင် လက်နောက်ပစ် ထားတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လူငယ်နှစ်ဦးမှာ လူငယ်သပိတ်ကော်မတီတွင် ပါဝင်ခဲ့သူများဖြစ်ပြီး ၎င်းတို့အတွက် စိုးရိမ်နေသဖြင့် သတင်းထုတ် ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ထားဝယ်လူငယ်များ၏ တော်လှန်ရေးလှုပ်ရှားမှု သပိတ်ကော်မတီ တာဝန်ရှိသူက ဆိုသည်။

ကိုအောင်ကိုကိုလွင်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော်လည်း အာဏာသိမ်းကာလတွင် တက္ကသလိုလ် ဆက်မတက်ဘဲ ကျောင်းနားထားသူဖြစ်ပြီး ကိုဟိန်းဇေအောင်မှာ တက္ကသိုလ်ဝင်တန်းကျထားကာ ကျောင်းပြန်မတက်ဘဲ နားထားသူဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။

၎င်းတို့နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးဟုလည်း ပြောဆိုသည်။

ထားဝယ်လူငယ်သပိတ်ကော်မတီမှာ သပိတ်စစ်ကြောင်း မထွက်တော့သည်မှာ ကာလအတန်ကြာပြီဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။