ထိုင်းမှ ကော့သောင်းသို့ လွှဲပေးသည့် မြန်မာ ၁၇၀ကျော်တွင် ရှစ်ဦး ကိုဗစ်ပိုးတွေ့

0
431
ဓာတ်ပုံ - ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၇၃ ဦးအား စက်တင်ဘာလ ၈ ရက်က ကော့သောင်းမြို့သို့ လွှဲပေးခဲ့ရာ ၎င်းတို့အနက် ရှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှ သိရသည်။

ပြန်လည်လွှဲပြောင်းပေးရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၁၁၇ဦး၊ အမျိုးသမီး ၄၅ဦး စုစုပေါင်း ၁၆၂ ဦးနှင့် ကလေး ၁၁ ဦးပါဝင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

ကော့သောင်းဘက်သို့ ပြန်လည်ရောက်ရှိလာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အား ကွာရန်တင်းစခန်းတွင် ထားရှိထားပြီး ကိုဗစ်ပိုးတွေ့သူတို့မှာ ကော့သောင်းဆေးရုံကြီးရှိ သီးသန့်အဆောင်တွင် ဆေးဝါးကုသမှုခံယူ နေရကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။

“ပိုးတွေ့တာက အမျိုးသားက ခုနှစ်ဦး၊ အမျိုးသမီးက တစ်ဦးပါ” ဟု ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံရပြီးမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ခံရခြင်းဖြစ်သည်။

ကော့သောင်းမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ကိုဗစ်ပိုးတွေ့သူ ၅၉ ဦးရှိခဲ့ပြီး အများစုမှာ ထိုင်းနိုင်ငံမှ ပြန်လည် လွှဲပြောင်းပေးသူများဖြစ်ကြောင်း ကော့သောင်းမြို့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။