ထိုင်းလေဆိပ်တွင် ဒေါ်လာအတုပြသမှုကြောင့် ဖမ်းဆီးခံရသည့်မြန်မာနှစ်ဦး ပြန်လွတ်

0
347
ပုံစာ - ပထမဆုံးလွတ်မြောက်လာသူသည့် မသန်းယုမေနှင့် မဖြိုးဇာဝေ။

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်၌ Show Money ပြသရာတွင် ဒေါ်လာအတုကို ပြသသဖြင့် ဖမ်းဆီးခံရပြီး ဒေါ်လာအတု ကိုယ်တိုင်ထုတ်လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး ပြန်လည် လွတ်မြောက်သွားပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။

ထောင်ဒဏ် ၂၅နှစ်ကျခံရမည့် အခြေအနေမှ ထိုင်းရှေ့နေ၊ မြန်မာရှေ့နေတို့၏ အကူအညီဖြင့် လွတ်မြောက်အောင် ချေပနိုင်ခဲ့ပြီး နေရပ်ပြန်ပို့နိုင်ရေး ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံအရာရှိရုံးက ယနေ့ မွန်းလွဲ ၃နာရီခန့်က ထုတ်ပြန်သည်။

မည်သည့်နေ့ရက်က လွတ်မြောက်သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ယင်းဖြစ်ရပ်တွင် ဒေါ်လာအတု ပြသသူ လေးဦးပါဝင်ခဲ့ပြီး နှစ်ဦးမှာ လွတ်မြောက်ကာ မေလကုန်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ထားပြီးဖြစ်ကြောင်း သံအရာရှိရုံးထံမှ သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်က ဝေယံထူးအေဂျင်စီအတုက လေကြောင်းဖြင့် ပို့ဆောင်ပေးလိုက်သည့် မသန်းယုမေ၊ မဖြိုးဇာဝေ၊ မလင်းလင်းဝေ၊ မခင်ယုမေတို့မှာ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ် လူဝင်မှု ကြီးကြပ်ရေးကောင်တာတွင် Show Money ဒေါ်လာပြသရာ အတုများဖြစ်နေသဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်တွင် စမုပရာကန်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး အကျဉ်းကျကာ အမှုရင်ဆိုင်ခဲ့ရပြီး မသန်းယုမေ၊ မဖြိုးဇာဝေတို့မှာ ဒဏ်ငွေနှင့် အကျယ်ချုပ်/ပြည်နှင်ဒဏ်အဖြစ် ၂ နှစ် ၆ လ ချမှတ်ခံခဲ့ရကြောင်း သံအရာရှိရုံးထံမှ သိရသည်။

၎င်းတို့နှစ်ဦးအတွက် ထိုင်းရှေ့နေများ၏ အကူအညီဖြင့် သတ်မှတ်ဒဏ်ကြေး ပေးဆောင်၍ လွတ်မြောက်အောင် လုပ်ခဲ့ပြီး မေလ ၃၀ ရက်တွင် မဲဆောက်နယ်စပ်မှတစ်ဆင့် မြဝတီသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ယင်းရုံးထံမှ သိရသည်။

မလင်းလင်းဝေ၊ မခင်ယုမေတို့ကိုမူ ဒေါ်လာအတု လက်ဝယ်ထားရှိမှုအပြင် ကိုယ်တိုင်ထုတ်လုပ်သူအဖြစ်ပါ စွဲချက်တင်ခဲ့ခြင်း ဖြစ်သဖြင့် ထိုင်းရှေ့နေ၊ မြန်မာရှေ့နေများ အကူအညီဖြင့် ခုခံချေပခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

“လေးလပိုင်းကျတော့ ထိုင်းရှေ့နေက ဒေါ်လာအတုပြုလုပ်မှု ပုဒ်မ ၂၄၀ နဲ့ တရားစွဲတယ်။ ဒါကို ပုဒ်မ ၂၄၀ က မသင့်လျော်ဘူးဆိုပြီးတော့ အရင်က နှစ်ယောက်ကိုစွဲထားတဲ့အတိုင်း စွဲဖို့ တရားရုံးကို တင်ပြတယ်။ ဒါကို ရုံးတော်က လက်ခံပြီးတော့ သူတို့ချုပ်ရက်နဲ့ ပြန်ကြည့်တော့ ဒဏ်ငွေပေးစရာမလိုတော့ဘဲ လွတ်မြောက်လာတာ” ဟု မြန်မာသံရုံးမှ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ပြောသည်။

မလင်းလင်းဝေနှင့် မခင်ယုမေတို့မှာ ဒေါ်လာအတု ပြုလုပ်မှုဖြင့် စွဲချက်တင်ခံရပြီး အမှုရင်ဆိုင်ပြီး ခုနစ်လအကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။