တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
136

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ

ဗြိတိန် ဘုရင်မကြီး နတ်ရွာစံ

နန်းသက်အရှည်ဆုံးဖြစ်တဲ့ ဗြိတိန်ရဲ့ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးဟာ သက်တော် ၉၆ နှစ်အရွယ်မှာ နတ်ရွာစံသွားပြီ ဖြစ်ပါတယ်။

စကော့တလန်ရှိ တော်ဝင်အိမ်တော်မှာ စက်တင်ဘာလ ၈ ရက် နေ့လယ်ပိုင်းက နတ်ရွာစံကြောင်း ထုတ်ပြန်ထားပါတယ်။သူဟာ ယူကေနန်းတွင်းမှာ နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့ပါတယ်။

ပြည်သူတွေက ဘာကင်ဟမ်နန်းတော်ရှေ့၊ ဝင်ဆာရဲတိုက်၊ ဘုရင်မကြီးကွယ်လွန်တဲ့ စကော့တလန်က ဘယ်လ်မိုရဲလ် စံအိမ်ရှေ့တွေမှာ စုရုံးရောက်ရှိပြီး ပန်းစည်းတွေနဲ့ လေးနက်စွာဂါရဝပြုကာ ဝမ်းနည်းကြောင်းပြသခဲ့ပါတယ်။

ဘုရင်မကြီးနတ်ရွာစံသွားတာဟာ ”ကျွန်မတို့အားလုံးဝမ်းနည်းကြေကွဲရတယ်” လို့ ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရပ်က ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်နေအိမ်ရှေ့မှာပြောတဲ့မိန့်ခွန်းမှာပြော‌ကြားလိုက်ပါတယ်။

အဲလစ်ဇဘက်ဘုရင်မကြီး စက်တင်ဘာလ ၈ ရက်နေ့က နတ်ရွာစံ သွားချိန်မှာပဲ ဗြိတိန်ထီးနန်းကို အိမ်ရှေ့မင်းသား ချားစ် က ထီးနန်းဆက်ခံတဲ့ အခမ်းအနားမကျင်းပဘဲ ချက်ချင်း လွှဲပြောင်းရယူလိုက်ရပါတယ်။

Ref: BBC

ပါကစ္စတန် နိုင်ငံ ၃ ပုံ ၁ ပုံ ရေနစ်မြုပ်

ပါကစ္စတန် နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ထောင့်သုံးရာကျော် သေဆုံးခဲ့ရပြီး ဖြစ်သလို၊ နိုင်ငံရဲ့ သုံးပုံတစ်ပုံလောက်ဟာ ရေနစ်မြုပ်နေဆဲဖြစ်ပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး ရေကန်ကြီးဖြစ်တဲ့ မန်ချာရေကန် တာတမံကျိုးပေါက်တော့မယ့် အန္တရာယ်ကတော့ လွတ်ကင်းသွားခဲ့ပြီလို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။

ပါကစ္စတန်လူဦးရေ သန်း ၂၂၀ အထဲမှာ ၃၃ သန်းကျော် ရေဘေးသင့်နေကြတာပါ။

လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ကြပြီး ပျက်စီးဆုံးရှုံးမှုပမာဏ အနည်းဆုံး အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံရှိခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

Ref: BBC

သေဆုံးသူ ၈၀ ကျော်လာတဲ့ တရုတ်ငလျင်

တရုတ်နိုင်ငံမှာ အင်အားပြင်းငလျင်ကြောင့် ‌သေဆုံးသူ အနည်းဆုံး ၈၂ ဦးအထိရှိလာနေပြီး ၃၅ ဦးထက်မနည်း ပျောက်ဆုံးနေပါတယ်။

စက်တင်ဘာလ ၅ရက်၊ ပေကျင်းစံတော်ချိန် နေ့လယ် ၁၂ နာရီက တရုတ်နိင်ငံ၊ စီချွမ်ပြည်နယ်၊ Garze တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဗဟိုပြုကာ မဂ္ဂနီကျု ၆ ဒသမ ၈ အဆင့်အားပြင်း ငလျင်လှုပ်ရှားမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ထောင်နှင့်ချီတဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေကို ယာယီကယ်ဆယ်ရေးစခန်းတွေဆီသို့ ရွှေ့ပြောင်းပေးခဲ့ကာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မြေပြိုမှုတွေ ပိုမိုဖြစ်ပွားလာမယ့်အရေးနဲ့လည်း ရင်ဆိုင်နေရပါတယ်။

Ref: CNA

ထိုင်းမှာ ရေကြီးရေလျှံမှု ဆက်တိုက်ဖြစ်

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်အပါအဝင် ခရိုင်တော်တော်များများမှာ ယခုစက်တင်ဘာလအတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီးတဲ့နောက် နေရာအတော်များများမှာ ရေကြီးရေလျှံဖြစ်ပြီး စာသင်ကျောင်းတချို့ကိုလည်း ပိတ်လိုက်ရပါတယ်။

တချို့နေရာမှာ ရေအမြင့် ၁၀ စင်တီမီတာမှ ၅၀ စင်တီမီတာထိ တက်လာပြီး လမ်းမကြီးပေါ်မှာ ကားကြီးကားငယ်တွေ ရေထဲရောက်သွားကာ ယာဉ်ကြောပိတ်ဆို့မှု တွေလည်း ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။

ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ ဘန်ကောက်နဲ့ အနီးတဝိုက် အပါအဝင် ထိုင်းအလယ်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း စတဲ့ဒေသက ခရိုင်ပေါင်း ၅၉ ခရိုင်မှာ စက်တင်ဘာ ၉ ရက်နေ့အထိ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးချက်ထုတ်ထားပါတယ်။

တချို့နေရာ မိုးထစ်ချုန်းရွာကာ ရုတ်တရက်ရေကြီးမှုတွေ၊ တောင်ကျချောင်းရေ တိုက်စားတာတွေ ဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် မြစ်နားချောင်းနား တဝိုက်နေ ပြည်သူတွေအနေနဲ့ ရေကြီးရေလျှံ အန္တရာယ်ကို ကြိုတင်ကာကွယ်ထားဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။

Ref: Bangkok Post

အယ်လ်ဘေးနီးယားက အီရန်နဲ့ သံတမန်ဆက်‌ဆံရေး ဖြတ်တောက်

အယ်လ်ဘေးနီးယားနိုင်ငံဟာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကို ဆိုက်ဘာတိုက်ခိုက်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီးတော့ အီရန်နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပါတယ်။

အီရန်သံတမန်တွေဟာ စက်တင်ဘာ ၇ ရက် ညနေပိုင်းက အယ်လ်ဘေးနီးယားကနေ မထွက်ခွာခင် နာရီပိုင်းအလိုမှာ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

စက်တင်ဘာ ၇ ရက် ဗီဒီယိုမိန့်ခွန်းထဲမှာ အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အက်ဒီ ရာမာက အီရန်သံတမန်တွေနဲ့ ဝန်ထမ်းတွေကို သံရုံးပိတ်ပြီး ၂၄ နာရီအတွင်း နိုင်ငံတွင်းကနေ ထွက်ခွာဖို့ အမိန့်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဇူလိုင်လ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အများပြည်သူဝန်ဆောင်မှုတွေကို ပျက်ပြားသွားစေတာ၊ ဒစ်ဂျစ်တယ်စနစ်တွေကို ဖျက်ဆီးပစ်ပြီး နိုင်ငံပိုင်မှတ်တမ်းတွေကို ခိုးဝင်ထွင်းဖောက်တာ၊ အစိုးရ အင်ထရာနက် အီလက်ထရွန်နစ်ဆက်သွယ်ရေးကို ခိုးယူပြီး တိုင်းပြည်မငြိမ်သက်မှုတွေနဲ့ မလုံခြုံမှုတွေကို နှိုးဆော်နေကြောင်း ရာမာက ပြောကြားခဲ့ပါတယ်။

Ref: DW

ဗီယက်နမ်မှာ ကာရာအိုကေ မီးလောင်လို့ သေဆုံးသူ ၃၂ ဦးအထိရှိလာ

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ ကာရာအိုကေဘားတစ်ခု မီးလောင်မှုမှာ သေဆုံးသူ ၃၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၈ ရက်မှာ ကြေညာပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ဝန်ကြီးချုပ် ဖမ်မင်ချင်းက အမိန့်ပေးထားပါတယ်။

ဝန်ကြီးချုပ်ဟာ ကာရာအိုကေဘားတွေ အပါအဝင် မီးဘေးအန္တရာယ် ကျရောက်နိုင်တဲ့ အဆောက်အအုံတွေမှာ လုံခြုံရေးစံနှုန်းတွေကို မြှင့်ထားဖို့ နိုင်ငံတဝန်းရှိ မြို့ကြီးတွေနဲ့ ပြည်နယ်တွေကို ညွှန်ကြားထားပါတယ်။

Ref: Aljazeera

 ဆော်လမွန်ကျွန်းနိုင်ငံရဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်း

ဆော်လ်မွန်ကျွန်းများနိုင်ငံမှာ ဝန်ကြီးချုပ် မာနားဆေး ဆိုဂါဗားရေ (Manasseh Sogavare) ဟာ ဆော်လ်မွန်ကျွန်းများ ပါလီမန်က လာမယ့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၄ ဧပြီနောက်ပိုင်းသို့ ရွှေ့ဆိုင်းဖို့ စက်တင်ဘာ ၈ ရက်က အတည်ပြုခဲ့ ပါတယ်။

ဆော်လ်မွန်ကျွန်းဟာ ထောက်ပံ့ရေးပိုင်း လိုအပ်ချက်တွေ ကြောင့် ပစိဖိတ်အားကစားပြိုင်ပွဲနဲ့ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ ၂ ခုလုံးကိုတော့ အောင်အောင် မြင်မြင် ဦးစီးကျင်းပနိုင်မှာ မဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။

ဆိုဂါဗားရေရဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အတိုက်အခံပါတီတွေအကြား စိုးရိမ်မှုတွေ ရှိနေတဲ့ကြားမှာပဲ ရွေးကောက်ပွဲနှောင့်နှေးမှုအပေါ် အငြင်းပွားမှုတွေ ပေါ်ပေါက် လာတာပါ။

Ref: The Guardian

ချလ်ဆီးအသင်း နည်းပြပြောင်းလဲ

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ ချဲလ်ဆီးအသင်းက နည်းပြ သောမတ်စ်တူချလ် (Thomas Tuchel) ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ဂရေဟမ်ပေါ်တာ (Graham Potter) ကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။

ယခုနှစ်နွေရာသီမှာ ခံစစ်ပိုင်းအတွက် စံချိန်တင်ကြေးနဲ့ ကစားသမားသစ်တွေ ခေါ်ယူခဲ့ပေမယ့်လည်း အဝေးကွင်း ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်းမရယူနိုင်ခဲ့တာကြောင့် ပိုင်ရှင်သစ် တော့ပ်ဘိုလီတို့က အပြောင်းအလဲပြုလုပ်ဖို့ စဉ်းစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ချဲလ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ သောမတ်စ်ဟာ တစ် နှစ်ခွဲတာဝန်ယူကိုင်တွယ်ခဲ့ချိန်အတွင်း ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ဖီဖာ ကလပ်ကမ္ဘာ့ဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့နည်းပြဖြစ်ပါတယ်။

Ref: BBC

အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ကိုထပ်မံရောက်ရှိလာ

အမေရိကန်လွှတ်တော် ကိုယ်စားလှယ်ရှစ်ဦးအဖွဲ့က ကြိုတင်ကြေညာထားခြင်းမရှိတဲ့ ခရီးစဉ်တစ်ခုအဖြစ် ထိုင်ဝမ်ကိုစက်တင်ဘာ ၇ ရက် မှာရောက်ရှိလာပါတယ်။

အမေရိက-ထိုင်ဝမ်ဆက်ဆံရေး၊ ဒေသတွင်းလုံခြုံရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေနဲ့ အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် အခြားသောအရေးပါတဲ့ ကိစ္စရပ်တွေကိုပါ ဆွေးနွေးဖို့ ထုတ်ပြန်ထားပါတယ်။

ကန်နိုင်ငံအောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်အပြီးမှစတင်ကာ တရုတ်ဘက်က စစ်ကစားမှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့တာပါ။

ဒါပေမဲ့ ထိုင်ဝမ်ကို အမေရိကန် လွှတ်တော်အမတ်တွေနဲ့ အမေရိကန် အရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူးတို့လည်း ဆက်တိုက်ရောက်ရှိလာကြပါတယ်။

Ref: CNBC

တောင်ကိုရီးယားမှာ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၀ ဦး အထိရှိလာ

 အင်အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း Hinnamnor က စက်တင်ဘာ ၅ ရက်ညကစတင်ကာ တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့လို့ သေဆုံးသူ ၁၀ ဦးအထိ ရှိလာခဲ့ပါတယ်။

အဆိုပါမုန်တိုင်းဟာ ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်တဲ့ မုန်တိုင်းတွေအထဲမှာ အပြင်းထန်ဆုံးဖြစ်ပါတယ်။

မုန်တိုင်းက ဂျယ်ဂျူးကျွန်းကို အဲ့ဒီနေ့ညက ဝင်ရောက်ခဲ့သလို ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘူဆန်မြို့ကိုလည်း ဝင်ရောက်ခဲ့လို့ လှိုင်းကြီးမှုတွေ မြေပြိုမှုတွေကြောင့် ပျက်စီးမှုတွေရှိခဲ့ကာ ဒဏ်ရာရရှိသူတွေများခဲ့ပါတယ်။

Ref: BBC