ရေး လူမှုကယ်ဆယ်ရေးကား မိုင်းဆွဲခံရ

0
544

မွန်ပြည်နယ်၊ ရေးမြို့က အောင်မင်္ဂလာနာရေးနှင့် လူမှုကယ်ဆယ်ရေးအသင်းကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အသင်းသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

အဆိုပါ အသင်းကားသည် စက်တင်ဘာ ၈ ရက်နေ့ ည ၁၂ နာရီ (ယနေ့ နံနက်) ခန့်က မော်လမြိုင်သို့ လူနာပို့ပြီးအပြန် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးအရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း အသင်းထံမှ သိရသည်။  

လူမှုကယ်ဆယ်ရေးအသင်းကားမောင်းသူ မိုင်းစထိမှန်ကာ ဒဏ်ရာရပြီး အသင်းကားလည်း ပျက်သွားသည်ဟု ယင်းအသင်းထံမှ သိရသည်။

“မော်လမြိုင်ကို လူနာပို့ပြီးအပြန် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးမှာ မိုင်းဆွဲခံရတယ်။ ယာဉ်မောင်း ပြင်းထန် ဒဏ်ရာ ရရှိသွားတယ်” ဟု အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အသင်းသားယာဉ်မောင်းကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသ ပေးနေကြောင်း ယင်းအသင်းထံမှ သိရသည်။

“လူမှုရေးအသင်းကားတွေက အရေးပေါ်ကိစ္စပေါ်လာရင် ညဆိုလည်း သွားရတာပဲ။ အခုလိုမျိုး လုပ်တာကတော့ မဖြစ်သင့်ဘူး။ ဘယ်အဖွဲ့ကလုပ်လုပ် လက်မခံနိုင်ဘူး” ဟု ရေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည့်အပြင် စစ်ကောင်စီ တပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် PDF အဖွဲ့တို့နှင့်လည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိသည်။

မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ကတော့ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းကို ဇူလိုင်လ ၁ ရက်နေ့မှ စပြီး ည ၉ နာရီခွဲမှ မနက် ၄ နာရီအတွင်း မည်သည့် မော်တော်ယာဉ်မှ ဖြတ်သန်းသွားခြင်း လုံးဝ (လုံးဝ) မပြုရန် အသိပေးချက် ထုတ်ပြန်ထားသည်။

ယင်းအဖွဲ့ကလည်း ယခုဖြစ်ရပ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။