ငွေလွှဲ၊ ငွေထုတ်ပါက အချက်အလက်များဖြည့်၍ မှတ်ပုံတင်ပြရမည်ဟု Wave Money ထုတ်ပြန်

0
484

မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုစနစ် တစ်ခုဖြစ်သည့် wave money ဖြင့် ငွေလွှဲ၊ငွေထုတ်မည်ဆိုပါက မှတ်ပုံတင်ကို မဖြစ်မနေ ယူလာပြီး အချက်အလက်အပြည့်အစုံကို ဖြည့်စွက်ရမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ယနေ့ (စက်တင်ဘာ ၈ရက်)တွင် ထုတ်ပြန်လိုက်သည်။

စည်းမျဉ်းစည်းကမ်းများအရ ၀န်ဆောင်မှုလုပ်ငန်းများ ပိုမိုလုံခြုံစိတ်ချရစေရန် လုံခြုံရေးအဆင့်မြှင့်တင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့အဆင့်မြှင့်တင်ထားသည့်အတွက် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် မှတ်ပုံတင် မဖြစ်မနေယူလာရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဆိုလိုသည်မှာ မှတ်ပုံတင်မပါရှိပါက wave money ဖြင့် ငွေလွှဲ ငွေထုတ်၍မရတော့ပေ။

ထိုကဲ့သို့ သတ်မှတ်လိုက်ခြင်းကြောင့် ငွေလွှဲငွေထုတ်ရာတွင် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ထားဝယ်မြို့နေ wave money အသုံးပြုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“အလုပ်ရှုပ်တာ သက်သာချင်လို့ wave သုံးတာပါ။ မှတ်ပုံတင်ဆိုတာကလည်း အမြဲယူသွားဖို့က အဆင်မပြေဘူး”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ဘဏ်မှတစ်ဆင့် ငွေလွှဲငွေထုတ်ပါက မှတ်ပုံတင်ယူဆောင်သွားရသည့်အတွက် အလုပ်ရှုပ်သက်သာသည့် wave ကို အသုံးပြုနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု ရယူသူများကို လျှို့ဝှက်ပြီး ဓာတ်ပုံရိုက်ထားရန်၊ မှတ်ပုံတင်အရှေ့၊ အနောက်၊ နေရပ်လိပ်စာနှင့် ငွေလွဲသည့်အကြောင်းအရင်းများကို ကိုယ်စားလှယ်မှ ရယူထားရန် စသည့်အချက်များပါဝင်သော စစ်ကောင်စီဗဟိုဘဏ်၏ လျှို့ဝှက်ညွှန်ကြားချက်တစ်စောင် ပြီးခဲ့သည့်လက ထွက်ပေါ်ခဲ့သည်။

တော်လှန်ရေး လုပ်ငန်းများအတွက် ပြည်သူများက ထောက်ပံ့လှူဒါန်းရာတွင် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို အသုံးပြုနေခြင်းကြောင့် စစ်ကောင်စီက စည်းကမ်းများ တင်းကျပ်ရန်လုပ်ဆောင်နေခြင်းဟု နိုင်ငံရေးလေ့လာသူများက ဆိုသည်။

Wave Money ဖြင့် ငွေလွှဲငွေထုတ်ရာတွင် အကောင့်အချင်းချင်း လွှဲခြင်းနှင့် ဖုန်းနံပါတ်ဖြင့် လျှို့ဝှက်နံပါတ်(password) ပေးပြီးလွှဲ၍ ရသည့် နည်းလမ်းနှစ်မျိုးရှိသည်။