ခဲသတ္တု ပြင်ပပေါက်ဈေးမငြိမ်

0
1800

ထားဝယ်အရှေ့တောနယ်မှ ထွက်ရှိသည့် ခဲသတ္တုဈေးနှုန်းမှာ ဈေးတည်ငြိမ်မှုမရှိဘဲ အတက်အကျများနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဝမ်းရေးအတွက် တစ်နိုင်တစ်ပိုင် ခဲထုတ်လုပ်(ဒေသအခေါ် ခဲယင်းသူ)သူများက ပြင်ပဝယ်လက်များထံ ရောင်းချသည့် ဈေးနှုန်းမှာ မတည်ငြိမ်ဖြစ်‌နေခြင်းဖြစ်သည်။

ဩဂုတ်လနှောင်းပိုင်းက ခဲသတ္တု ၈၀ ရာခိုင်နှုန်းပါ ခဲတစ်ပိဿာ စျေးနှုန်းမှာ အရှေ့တောကျေးရွာများတွင် ၅၀၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ထားဝယ်မြို့ပေါ်တွင် ၅၅၀၀၀ကျပ်ဖြစ်ကြောင်း ခဲရောင်းသည့် ဒေသခံအချို့ထံမှ သိရသည်။

ယခုလဆန်းတွင်မူ ကျေးရွာများတွင် ၄၈၀၀၀ ကျပ်နှင့် ထားဝယ်မြို့ပေါ်တွင် ၅၃၀၀၀ ကျပ် ပေါက်ဈေးရှိနေသည်ဟု ဆိုသည်။

လက်ရှိတိုက်ပွဲဖြစ်နေသော ထားဝယ်အရှေ့တော ကျေးရွာများဖြစ်သည့် ဟိန္ဒား၊ ကျောက်မဲတောင်၊ ဘဝပင် တောင်သုံးလုံး အစရှိသည့်ကျေးရွာ အနီးတစ်ဝိုက်တွင် ခဲသတ္တုထုတ်လုပ်ကြသည်။

မြို့ပေါ် ခဲသတ္တုပေါက်ဈေးမှာ ထားဝယ်မြို့နှင့် နယ်ကျေးရွာအကြား လမ်းခရီးတွင် စစ်ဆေးမှု(လမ်းကြောင်း) အခြေအနေပေါ်မူတည်ကြောင်း ခဲသတ္တုဝယ်‌ရောင်းလုပ်နေသည့် အမျိုးသားတစ်ဦးက ဆိုသည်။

“ပစ္စည်းထွက်လာရတဲ့ လမ်းကြောင်းကျပ်ရင် စျေးနည်းနည်း လှုပ်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိမှောင်ခိုရောင်းဝယ်နေရသည့်ခဲတ္တုမှာ ယခင်က တရားဝင် ခဲသတ္တုတူးဖော်လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီများထံ ရောင်းချကြ‌သော်လည်း လက်ရှိတွင် ဒေသခံများက အထက်ပါကုမ္ပဏီများထက် ဈေးပိုရသည့် ထားဝယ်မြို့ပေါ်တွင် မှောင်ခိုလာရောင်းကြခြင်းဖြစ်ကြောင်း ခဲသတ္တုကုမ္ပဏီများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေသတွင် ဝယ်ယူနေသည့် ခဲသတ္တုကုမ္ပဏီများ ပေးသည့်ဈေးနှုန်းမှာလည်း တူညီခြင်းမရှိဘဲ ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိထားဝယ်ဈေးကွက်တွင် ခဲသတ္တု ၆၅ ရာခိုင်နှုန်းပါ တစ်ပိဿာလျှင် ၄၂၀၀၀ ကျပ်၊ ၇၀ ရာခိုင်နှုန်းပါ တစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်ဝန်းကျင် ဈေးပေါက်ကြောင်း အထက်ပါ အမျိုးသားထံမှ သိရသည်။

ခဲသတ္တုကုမ္ပဏီများက ၎င်းတို့ဝယ်ယူ သို့မဟုတ် ထုတ်လုပ်ရရှိသည့် ခဲသတ္တုများကို ရန်ကုန်နှင့် ကော့သောင်းမြို့မှတစ်ဆင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချကြကြောင်း ခဲသတ္တုကုမ္ပဏီများနှင့် ရင်းနှီးပတ်သက်သူက ရှင်းပြသည်။