မွန်တွင် ဆေးဝါးအချို့ပြတ်လပ်သဖြင့် သုံးစွဲသူများအခက်အခဲဖြစ်

0
1308

မွန်ပြည်နယ် ဈေးကွက်အတွင်း ဆေးဝါးအချို့ ပြတ်လပ်နေသည့်အတွက် သုံးစွဲနေရသူများ အခက်အခဲကြုံတွေ့ နေရကြောင်း သုံးစွဲသူအချို့တို့ထံမှ သိရသည်။

ဆေးဝါးများကို ပြည်ပမှဒေါ်လာဖြင့် ဝယ်ယူတင်သွင်းရပြီး ဒေါ်လာရရှိရန် အခက်အခဲရှိသည့်အပြင် ဈေးအဆမတန် မြင့်တက်နေခြင်း၊ ဆေးဝါးသွင်းကုန်လိုင်စင်များ ကန့်သတ်ခံရခြင်းတို့ကြောင်းပြည်တွင်းဈေးကွက်တွင် ဈေးကြီးမြင့်ကာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

လက်ရှိ မွန်ပြည်နယ်ရှိ မြို့နယ်များတွင်လည်း ဆေးဝါးများ ဝယ်ယူ၍မရသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဆေးဝါးသုံးစွဲနေရသည့် ပြည်သူအချို့ထံမှ သိရသည်။

“ကျွန်မ သောက်နေတဲ့ဆေးတွေ အခုဘယ်မှာမှ ဝယ်လို့မရတော့လို့ ဒုက္ခရောက်နေတာ။ ဆေးက ပြတ်သွားလို့ မရဘူး” ဟု မော်လမြိုင်မြို့မှ အသက် ၄၅ နှစ်အရွယ် ဆီးချိုဝေဒနာရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ဝယ်ယူ၍ ရနေသေးသည့် ဆေးဝါးအချို့မှာလည်း ဈေးနှစ်ဆခန့် မြင့်တက်နေကြောင်း ဆေးဆိုင်နှင့် သုံးစွဲသူ အချို့တို့ ထံမှ သိရသည်။

“တစ်ကဒ် ၅၀၀ နဲ့ ဝယ်နေတဲ့ဆေးတွေ အခု ၁၀၀၀ ဖြစ်သွားတယ်။ တချို့ဆို ဝယ်လို့ကို မရတော့တာ” ဟု မုဒုံမြို့မှ ဆီးချို သွေးတိုးရောဂါခံစားနေရသူတစ်ဦးက ပြောဆိုသည်။

ဩဂုတ်လဆန်းပိုင်းကတည်းက ဆေးဖြန့်ဖြူးနေသည့် ဆေးကုမ္ပဏီအများစုက အရောင်းရပ်နားထားသည့်အတွက် ဈေးကွက်တွင် ဆေးဝါးပြတ်လပ်မှု ဖြစ်နေခြင်းဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင်အချို့က ပြောသည်။

“ကုမ္ပဏီကနေ ဝယ်မရတော့လို့ ဆိုင်မှာလည်း ဆေးတွေ အတော်များများ မရှိတော့ဘူး။ ဈေးတွေလည်း တအားတက် သွားတယ်” ဟု မော်လမြိုင်မြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် ရောဂါများအတွက် ဆေးဝါးအချို့ ပြတ်လပ်နေသကဲ့သို့ အခြေခံဆေးဝါးအချို့မှာလည်း ပြတ်လပ်မှုနှင့် ကြုံနေရကြောင်း မွန်ပြည်နယ် ဆေးဝါးဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ရွာမှာဆို ပိုဆိုးပါတယ်။ ဆေးတွေ ဈေးတက်တော့ နှာစေး၊ ချောင်းဆိုးတဲ့ဆေးတွေကအစ မရောင်းကြတော့ဘူး။ မြို့ပေါ် တက်ဝယ်ရတယ်” ဟု အထက်ပါ မုဒုံမြို့နယ်မှ ဒေသခံက ပြောသည်။

ပြည်တွင်းက ဆေးကုမ္ပဏီများသည် မြန်မာနိုင်ငံဆေးဝါးဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းကာ နိုင်ငံအနှံ့ကို ဖြန့်ဖြူးနေခြင်းဖြစ်ပြီး အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ အဓိက တင်သွင်းနေခြင်းဖြစ်သည်။