ထိုင်းထုတ် အသင့်စား ခေါက်ဆွဲနှင့် ကြာဇံထုတ်များ ဈေးနှစ်ဆတက်

0
801

ထားဝယ်တွင် ယခင်က ကျပ် ၂၅၀ ဝန်းကျင်ဖြင့် ပေးဝယ်ရသော မျက်လုံးပုံတံဆိပ် မာမားနှင့် ကြာဇံတစ်ထုတ်ဈေးမှာ ယခု ဈေးနှစ်ဆတက်သွားကာ ကျပ် ၅၀၀ ကျော် ပေးဝယ်နေကြရသည်။

ပြည်ပမှ တင်သွင်းရသည့် အသင့်စားကုန်နှစ်မျိုးဖြစ်သည့် မာမားနှင့် ကြာဇံ တစ်ထုတ်ဈေးနှုန်းမှာ ပြီးခဲ့သည့် မေလက လက်လီ/လက်ကားဈေးကွက်တွင် တစ်ထုတ်ကို ၂၅၀ ကျပ်ရှိရာမှ ယနေ့ စက်တင်ဘာလ ၇ ရက်တွင် ၅၅၀ ကျပ် ဖြစ်နေကြောင်း ထားဝယ်မြို့တွင် လက်လီလက်ကားရောင်းချသူတစ်ဦးက ပြောသည်။

“အန်တီ‌ဆို အခုဝယ်မရောင်းတော့ဘူး။ ဈေးကြီးလို့ ကိုယ်စားချင်ရင်တော့ တခြားဆိုင်မှာ ဝယ်စားလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

စက်သုံးဆီဈေး မြင့်တက်လာမှု‌ကြောင့် သယ်ယူစရိတ်ဈေးတက်လာသည့်အပြင် မြန်မာငွေတန်ဖိုး ကျဆင်းလာမှုတို့ကြောင့် ပြည်ပသွင်းကုန်များ ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယခင်က အထုတ်သုံးဆယ်ပါ မာမားကြာဇံတစ်ပါကင်ကို ခုနှစ်ထောင်ကျပ်ဝန်းကျင်သာရှိရာ ယခု တစ်သောင်း‌ လေးထောင်ကျော် ပေးရကြောင်း အဆိုပါပစ္စည်းရောင်းချသူများက ပြောသည်။

“ဈေးကတော့ တစ်နေ့ပြီးတစ်နေ့ ဈေးတက်တယ်။ ဒီနေ့ဝယ်တဲ့ ပစ္စည်းတစ်ခုကို နောက်နေ့သွားဝယ် ဈေးတစ်မျိုးဖြစ်နေပြီ” ဟု လက်လီရောင်းချသူ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါမာမားကြာဇံ ထုတ်များအပြင် ထိုင်းနိုင်ငံထုတ် အချိုရည်များဖြစ်သည့် လီပို၊ ကျွဲခေါင်းတံဆိပ်အချိုရည်နှင့် ပဲနို့ဘူးများမှာ တစ်ပုလင်းကို ယခင်က အများဆုံး ၈၀၀ ကျပ်ခန့်ရှိရာမှ ယခု ၁၁၀၀ အထိ ကျပ်ဖြစ်သွားပြီး လေးရာခန့် ဈေးတက်လာကြောင်း လက်လီရောင်းချသူများက ပြောဆိုသည်။

အဆိုပါ စားသောက်ကုန်များမှာ အချိန်နှင့် နေရာလိုက်၍ ဈေးနှုန်းအပြောင်းလဲရှိကြောင်း ယင်းဈေးကွက်ထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ပထမပတ်က ထားဝယ်ဒေသ၏အပြင်ဈေးကွက်တွင် မြန်မာ ထိုင်းငွေလှဲဈေးနှုန်းမှာ ထိုင်းငွေ တစ်ဘတ်ကို မြန်မာကျပ်ငွေ ၅၇ဒသမ၈ ကျပ်ခန့်သာရှိပြီး ယနေ့ စက်တင်ဘာ ၇ ရက်နေ့တွင် ကျပ် ၉၀ ဈေးပေါက် နေသည်။

ယင်းနည်းတူ စက်သုံးဆီဈေးမှာလည်း ‌မေလ ပထမပတ်က ဒီဇယ်တစ်လီတာကို ၂၃၉၀ ကျပ်မှာ ယနေ့တွင် ၃၁၅၅ ကျပ်အထိဖြစ်လာပြီး တစ်လီတာလျှင် ကျပ် ခုနှစ်ရာကျော်ဈေးတက်သွားသည်။