ထိုင်းရောက် မြန်မာလုပ်သားသုံးသိန်းနီးပါးကို တရားဝင်အထောက်အထား CI သက်တမ်းတိုးပေးမည်

0
815

ထိုင်းနိုင်ငံတွင် စင်တာလေးခု ထပ်မံဖွင့်လှစ်ပြီး မြန်မာအလုပ်သမားများကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား (CI) စာအုပ်များကို သက်တမ်းတိုးထုတ်ပေးရန် ထိုင်းအစိုးရက ခွင့်ပြုလိုက်သည်။

Certificate of Identity (CI) စာအုပ်များကို ထိုင်းနိုင်ငံ ခရိုင်လေးခုဖြစ်သော စမွတ်စခွန်၊ စမွတ်ပရကန်၊ ရနောင်းနှင့် ချွန်ဘူရီတို့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့က ကြေညာထားသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ CI စာအုပ်များ သက်တမ်းတိုးထုတ်ပေးရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသိန်းနီးပါး ကျန်နေသေးသဖြင့် စင်တာများ ထပ်မံဖွင့်လှစ်ခွင့်ပြုခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂ရက်က ပြုလုပ် သည့် ထိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကျန်ရှိနေသူများကို သက်တမ်းတိုးပေးခွင့်ပြုရန် မြန်မာနိုင်ငံဘက်က တင်ပြချက်အပေါ် ထိုင်းအစိုးက ခွင့်ပြုပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

စင်တာလေးခု စတင်ဖွင့်လှစ်မည့်အချိန်ကာလကို ထုတ်ပြန်ထားခြင်းမရှိဘဲ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အထိ ဖွင့်လှစ်ပေးမည်ဆိုသည့်အချက်ကိုသာ ထုတ်ပြန်ထားသည်။

စင်တာဖွင့်လှစ်ရာတွင် CI လက်မှတ် သက်တမ်းတိုးခြင်းကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး CI လက်မှတ် အသစ်ထုတ်ပေးနိုင်ရန်နှင့် စင်တာစတင်ဖွင့်လှစ်မည့် နေ့အတိအကျကိုမူ မသိရှိရသေးကြောင်း ဘန်ကောက် အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

“အရင်စင်တာတွေကို သက်တမ်းတိုးပြန်ဖွင့်တာ၊ စာအုပ်အသစ်ထုတ်ပေးမပေးရယ်နဲ့ ဘယ်နေ့ပြန်ဖွင့်ပေးမလဲရယ်က စောင့်ကြည့်မှရမယ်” ဟု မြန်မာအလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံကူးလက်မှတ် မရှိသူများတွင် CI စာအုပ်ရှိမှသာ ထိုင်းနိုင်ငံနေထိုင် အလုပ်လုပ်ကိုင်ရန်၊ ခရီးသွားလာရန်၊ မြန်မာ နိုင်ငံသို့ ပြန်လာရန် အဆင်ပြေမည်ဖြစ်သည်။

“ပန်းရောင်ကတ်က ထိုင်းနိုင်ငံအထဲ နေထိုင်လုပ်ကိုင်ဖို့ အဆင်ပြေတယ်။ မြန်မာပြည် ပြန်ရင်ခက်ခဲမယ်။ CI က ကျတော့ ခရီးသွားဖို့ အထောက်အထား၊ မည်သူမည်ဝါဖြစ်တဲ့အထောက်အထားဆိုတော့ မြန်မာပြည်တရားဝင် ပြန်လို့ ရပြီ။ နောက်ထပ် Passport တို့ ထပ်လုပ်လို့ရတယ်” ဟု ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အလုပ်သမား တာဝန်ခံ ဦးမင်းမင်းဦးက ဆိုသည်။

ပန်းရောင်ကတ်မှာ ထိုင်းအစိုးရက ထုတ်ပေးသည့် တရားဝင်နေထိုင် အလုပ်လုပ်ခွင့်လက်မှတ် ဖြစ်သည်။

CI စာအုပ်လုပ်ရာတွင် Work permit နှင့် အထောက်အထား စာရွက်စာတမ်းတို့ အပြည့်အစုံလိုအပ်ကြောင်း ၎င်းကဆိုသည်။

ယခုအကြိမ် သက်တမ်းတိုးပေးမည့် CI လက်မှတ်များမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ သက်တမ်းရှိမည်ဖြစ်သည်။

CI စင်တာများကို ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့အထိ ခရိုင်ငါးခုဖြစ်သော ချင်းမိုင်၊ စမွတ် စခွန်၊ စမွတ်ပရကန်၊ ရနောင်း နှင့် ချွန်ဘူရီခရိုင်များတွင် ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာအလုပ်သမား ၄ သိန်းခန့် ပြုလုပ်ပေးခဲ့သည်။

ယခုအကြိမ်ဖွင့်လှစ်မည့် CI စင်တာများတွင် ချင်းမိုင်ခရိုင် မပါဝင်လာတော့ပေ။

ယခုနှစ် အစောပိုင်းကာလ CI သက်တမ်းတိုးရာတွင် Seven Eleven ဆိုင်များ၌ လက်ရှိ CI စာအုပ်နံပါတ်ဖြင့် စာအုပ်ဖိုးဘတ် ၃ဝဝ နှင့် ပေးသွင်းခြင်းဝန်ဆောင်ခ ၁ဝ ဘတ်၊ စုစုပေါင်း ဘတ် ၃၁ဝပေးသွင်းခဲ့ရသည်။

Seven Eleven ကောင်တာက ထုတ်ပေးသည့် ပြေစာပါနေ့ရက်တွင် သက်ဆိုင်ရာ CI စင်တာသို့ သွားရောက်၍ ကိုယ်ရေးမှတ်တမ်းဖြည့်သွင်းခြင်း၊ CI စာအုပ်၊ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုဇယားနှင့် ထိုင်းအလုပ်အကိုင် ဌာနက ထုတ်ပေးထားသည့် အထောက်အထားစာရွက်စာတမ်းများကို မိတ္တူကူး၍ လျှောက်ထားကြရသည်။