ကော့သောင်းတွင် ထိုင်းဘတ်ငွေ အရောင်းဆိုင်အများစု မဖွင့်ရဲ

0
606
ကော့သောင်းမြို့ ကမ်းနားလမ်းရှိ ဘတ်ငွေရောင်းသည့်နေရာပုံ။ ၂၀၂၁ ကပုံအဟောင်း

ကော့သောင်းမြို့ရှိ ထိုင်းဘတ်ငွေ အရောင်းအဝယ်ဆိုင်အများစုမှာ ဆိုင်ဖွင့်မရောင်းရဲကြသဖြင့် ပိတ်ထားကြကြောင်း ဈေးကွက်ထဲမှ စုံစမ်းသိရှိရသည်။

ထိုင်းဘတ်ငွေ အရောင်းအဆိုင်များမှာ ကော့သောင်းမြို့ ကမ်းနားလမ်းတွင် ဖွင့်ထားကြပြီး ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်ကစပြီး ဆိုင်ပိတ်ထားခဲ့ကြောင်း ဘတ်အရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောသည်။

ကမ်းနားလမ်းတွင် ဘတ်အရောင်းဆိုင် ၂၀ ကျော်ရှိရာ လက်ရှိတွင် အများစုမှာ ပိတ်ထားကြောင်း ကော့သောင်းဒေသခံတစ်ဦးက ဆိုသည်။

“ကမ်းနားလမ်းမှာဆို ဖွင့်တဲ့ (ဘတ်အရောင်းအဝယ်) ဆိုင်က လက်ချိုးရေလို့ရတယ်။ လေး၊ ငါး၊ ခြောက်ဆိုင် လောက်ရှိတော့တယ်” ဟု ၎င်းက ပြောဆိုသည်။

ဘတ်ဈေးအတက်အကျ ကြမ်းခြင်း၊ မြဝတီရှိ ဘတ်အရောင်းအဝယ်ဆိုင်များ အဖမ်းခံနေသည့် သတင်းများ ကြားနေရခြင်းတို့ကြောင်း ဆိုင် မဖွင့်ရဲတော့ခြင်းဖြစ်ကြောင်း ကော့သောင်းဒေသခံ ဘတ်အရောင်းအဝယ် သမားတစ်ဦးက ရှင်းပြသည်။

ထိုင်းနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် ဘတ်ငွေအသုံးပြုမှု အလွန်တွင်ကျယ်ပြီး ကုန်ပစ္စည်းများကို ဘတ်ငွေဖြင့် အရောင်းအဝယ်ပြုလုပ်ကြသည်။

ယင်းအပြင် ကော့သောင်းမြို့တွင် ရောင်းချမည့် ကုန်ပစ္စည်းများကို ထိုင်နိုင်ငံ ရနောင်းမြို့တွင် သွားရောက် ဝယ်ယူရန်အတွက်လည်း ဘတ်ငွေလိုအပ်မည်ဖြစ်သည်။

လက်ရှိတွင် ဘတ်အရောင်းအဆိုင်ကြီးများပါ ဆိုင်ဖွင့်မရောင်းရဲတော့သဖြင့် ဘတ်ငွေဝယ်ယူရ ခက်ခဲနေကြောင်း ဒေသခံအချို့ကပြောသည်။

“အခုက (ဘတ်ငွေ) ဘယ်လို ဝယ်နေရသလဲဆိုတော့ ကိုယ့်အဆယ်အသွယ်နဲ့ ကိုယ်ပေါ့နော်။ ဖုန်းဆက်ပြီးတော့ ရောင်းဖို့ရှိလားမေးပြီး လိုက်ဝယ်နေရတယ်။ အရင်ကဆိုရင် ကမ်းနားသွားဝယ်လိုက်ရုံပဲ။ ဝယ်မရဘူးဆိုတာမျိုးတော့ မရှိဘူး” ဟု ကော့သောင်း – ရနောင်း ပဲ့ချိတ် (‌စက်လှေငယ်) မောင်းသမားတစ်ဦးက ဆိုသည်။

ဩဂုတ်လကုန်းပိုင်းက ထိုင်းဘတ်ဈေးခုန်တက်သွားခဲ့ပြီး စက်တင်ဘာလ ၁ ရက်နောက်ပိုင်း ပြန်ကျလာခဲ့သည်။

ယနေ့‌ (စက်တင်ဘာ ၆) နံနက် ၁၁ နာရီ ကော့သောင်းမြို့ ပြင်ပဈေးကွက်တွင် ဘတ်အဝယ်ဈေးမှာ ၈၈ ကျပ်ဖြစ်ပြီး ပြန်ရောင်းဈေးမှာ ၉၂ ကျပ်ဖြစ်ကြောင်း ဘတ်အရောင်းအဝယ်သမားတစ်ဦးက ပြောသည်။