ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ရှိဟုဆို

0
355
Dawei-Jail

ထားဝယ်အကျဉ်းထောင်တွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၄၂ဦးရှိကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ယနေ့ (စက်တင်ဘာ ၅) ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

အာဏာသိမ်းကာလတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၄၂ ဦးရှိပြီး ထားဝယ်ထောင်အတွင်း အထူးတရားရုံးတွင် တရားရင်ဆိုင်နေဆဲ အမျိုးသမီး ၃၀ ဦးခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသူများကို စစ်ကောင်စီတရားရုံးက အနိမ့်ဆုံးထောင်ဒဏ် ၁ နှစ် ၆ လမှ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ အမိန့်ချမှတ်ထားကြောင်း အထက်ပါကွန်ရက်က ထုတ်ပြန်သည်။

အထက်ပါစာရင်းမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ထိ နောက်ဆုံးရရှိထားသည့် စာရင်းဖြစ်ပြီး ဖမ်းဆီးခံရပြီး ချုပ်ရက်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ၊ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများ၏ စာရင်းများ မပါဝင်ကြောင်းလည်း ဖော်ပြသည်။

စစ်ကောင်စီက အမျိုးသမီးများကို နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထောင်ချခြင်းမှာ မတရားမှုသာဖြစ်ကြောင်း နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ၏ ပြန်ကြားရေးတာဝန်ခံ မအက်စတာက ပြောသည်။

“အဓိကတော့ ဒါတွေက မတရားမှု အကြီးစား။ အမျိုးသမီးရဲ့ အခွင့်အရေးကိုဖိနှိပ်တယ်။ အမျိုးသမီးရဲ့ အခွင့်အရေးကို အကြမ်းဖက်တယ်ပေါ့။ အဲဒီလိုပဲပြောရမှာပေါ့” ဟု ၎င်းက ဆိုသည်။

အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသည့် နှင်းဆီရောင်အမျိုးသမီးသမဂ္ဂမှာ ၏ ထားဝယ်ခရိုင် လေးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းမှုကို အကြမ်းမဖက်နည်းဖြင့် ယနေ့ထိ သပိတ်မှောက်ဆန္ဒပြကာ ဆန့်ကျင်တော်လှန်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

နိုင်ငံရေးအမှုဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချမှုကို ခံနေရသည့် နိုင်ငံရေးအကျဉ်းသူများမှာ လူငယ်အမျိုးသမီးများစွာ ပါဝင်ပြီး ထိုအထဲတွင် တက္ကသိုလ်ကျောင်းသူများလည်း ပါဝင်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်ထံမှ သိရသည်။