ထားဝယ်တွင် တစ်လခွဲကျော်အတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ် ၂၅၀၀ဈေးတက်

0
518
Onion

ထားဝယ်၌ တစ်လခွဲကျော်ကာလအတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ် ၂၅၀၀ ဈေးတက်သွားကြောင်း လက်လီလက်ကားရောင်းချသူများထံမှ သိရသည်။  

ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်က ကြက်သွန်တစ်ပိဿာ နှစ်ထောင်ကျပ်ခန့်သာရှိရာ စက်တင်ဘာလ ပထမပတ်တွင် တစ်ပိဿာ ၄၅၀၀ ဈေးဖြစ်နေသည့်အတွက် နှစ်ဆကျော် ဈေးတက်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ကဆိုလျှင် ထားဝယ်မြို့၏ လက်လီ လက်ကားဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၃၈၀၀ ကျပ် ဝန်းကျင်သာရှိကြောင်း စားသုံးကုန်ရောင်းချသူတစ်ဦးက ပြောသည်။

ထို့ကြောင့် လေးရက်အတွင်းပင် ကျပ် ခုနစ်ရာ ဈေးတက်သွားခြင်းဖြစ်သည်။

“ကြက်သွန်က တက်ဖို့ပဲရှိတယ်။ ရက်ပိုင်းအတွင်း ငါးထောင်နားထိ ရောက်လာလိမ့်မယ်” ဟု အထက်ပါ စားသုံးကုန်ရောင်းချသူက ဆိုသည်။

လက်ရှိ ကြက်သွန်စိုက်သူ တောင်သူများတွင် ကြက်သွန်နီအဟောင်းမှာ ပြတ်လုနီးပါဖြစ်နေပြီး ရန်ကုန် ဘုရင့်နောင် ပွဲရုံထံမှ အကန့်အသတ်ဖြင့်သာ မှာယူရရှိနိုင်တော့သည့်အတွက်ကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း ကုန်သည် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ကြက်သွန်က (ဈေးကွက်ထဲမှာ) မရှိတာမဟုတ်ဘူး ရှိတယ်။ ဒါပေမဲ့ ဈေးကွက်လိုအပ်ချက်က ပစ္စည်းထက်များတော့ ဈေးဆွဲတင်တဲ့ သဘောပေါ့” ဟု ၎င်းက ပြောသည်။

ထားဝယ်ဒေသတွင် ကြက်သွန်နီကို ဟင်းချက်ရာတွင်သုံးသည့်အပြင် မုန့်လက်သုပ်ဆိုင်များနှင့် လက်ဖက်ရည်နှင့် တွဲပြီး စားသုံးရသည့် မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြသည်။

လက်ရှိတွင် ကြက်သွန်နီ ဈေးတက်လာခြင်းကြောင့် ယခင်ကထက် လျှော့သုံးလာရကြောင်း စမူဆာ ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ပစ္စည်း ဈေးတင်လိုက်ရင် လာဝယ်တော့မှာမဟုတ်ဘူး။ အဲဒါကြောင့် ‌အစာသွတ်တဲ့နေရာမှာပဲ လျှော့လိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလဝန်းကျင်က ကြက်သွန်နီ တစ်ပိဿာဈေးနှုန်းမှာ ၁၆၀၀ ကျပ်ခန့် သာရှိရာမှ ၂နှစ်အတွင်း တစ်ပိဿာ ဈေးသုံးဆခန့်အထိ တက်လာခဲ့ခြင်းဖြစ်သည်။