လယ်သစ်နှင့်အနီးဝန်းကျင်ရွာအချို့တွင် ကျောင်းဖွင့်ပြီးသုံးရက်အကြာ တိုက်ပွဲကြောင့် ကျောင်းပြန်ပိတ်ရ

0
382

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်၊ ပဝ၊ သရဖုံ ကျေးရွာတို့တွင် စာသင်ကျောင်းများပြန်ဖွင့်ပြီး သုံးရက်အကြာ တွင် တစ်ကျော့ပြန် လယ်သစ်ရွာတိုက်ပွဲကြောင့် ကျောင်းများပြန်ပိတ်လိုက်ရကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲများကြောင့် စာသင်ကျောင်းများ ပိတ်ထားရသည့် လယ်သစ်၊ ပဝ၊ သရဖုံကျေးရွာအုပ်စုများတွင် ယခုလ (စက်တင်ဘာလ) ၁ ရက်နေ့မှစပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အထက်ပါ အရှေ့ကမ်းကျေးရွာများတွင် NUG နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းကာ စာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ လယ်သစ်အနောက်ကမ်းရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး စက်တင်ဘာလ ၄ရက် နံနက်တွင် လယ်သစ်အရှေ့ကမ်းတွင်ရှိသည့် ပြည်သူ့ ကာကွယ်ရေးမဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

“ကျောင်းလာတက်သူတွေ အများကြီးပဲ။ ဖွင့်ပြီး နှစ်ရက်ပဲ တက်လိုက်ရတယ်။ စစ်တပ်ရောက်လာလို့ တိုက်ပွဲ ပြန်ဖြစ်ပြီး အကုန်လုံး တောထဲပြန်ပြေးခဲ့ရတယ်” ဟု လယ်သစ်အရှေ့ကမ်းကျေးရွာမှ တောအတွင်း ထွက်ပြေး တိမ်းရှောင်နေသည့် ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

လယ်သစ်တွင် အရှေ့ကမ်း၊ အနောက်ကမ်း နှစ်ခုရှိသည့်အနက် အရှေ့ကမ်းတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အရှေ့ကမ်း၊ အနောက်ကမ်း နှစ်ခုက တက်ရောက်ကြကြောင်း ဒေသခံများထံမှ သိရသည်။

လယ်သစ်၊ ပဝ၊ သရဖုံကျေးရွာအုပ်စုတို့ စစ်အာဏာသိမ်ပြီးနောက် ကိုဗစ်ဒုတိယလှိုင်းအပြီးတွင် ကျောင်းဖွင့်ခဲ့သေး သော်လည်း ကျောင်းတက်သူ အနည်းငယ်သာရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး ဇူလိုင်လလယ်အထိ နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ခဲ့ပြီး လယ်သစ်အရှေ့ကမ်းရွာသားများမှာလည်း ရွာတွင်မနေရဲကြတော့ဘဲ တောတောင်ဥယျာဉ်များအတွင်း တိမ်းရှောင် နေခဲ့ကြရသည်။

ဇူလိုင်လကုန်တွင်မူ လယ်သစ်အနောက်ကမ်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွား ကြသည်။

“စစ်တပ် မရှိတော့ပြီဆိုတော့ ရွာသားတွေ ရွာထဲပြန်ဝင်ပြီးနေကြတယ်။ အဲဒီ (ဩဂုတ်လ) တစ်လလုံးလုံး တိုက်ပွဲ မရှိခဲ့ဘူး။ ကျောင်းပြန်ဖွင့်တယ်လို့ အသံကြားမှ ပြန်လာပြီး ပစ်ကြတာ” ဟု လယ်သစ်ရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တစ်ကျော့ပြန်တိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်း ဝင်လာပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့တွင် စတင်ဖြစ်ပွားပြီး ဒေသခံများမှာ ဘေးလွတ်ရာ တောတောင်ဥယျာဉ်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ ထံမှ သိရသည်။

အထက်ပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦး၊ ပျူစောထီး ၂ ဦး သေဆုံးပြီး ၁ဦးမှာ ဒဏ်ရာပြင်းထန်ကာ ပြည်သူ့ ကာကွယ်ရေးမဟာမိတ်တပ်များဖက်ကမူ ထိခိုက်ကျဆုံးသူ မရှိကြောင်း တနင်္သာရီကာကွယ်ရေး ပြောက်ကျားအဖွဲ့က ယနေ့ နံနက်တွင် ထုတ်ပြန်ထားသည်။

ယနေ့ (စက်တင်ဘာ ၅) လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။