အိန္ဒိယ ဘီလီယံနာသူဌေးကြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံး

0
359

အင်အားကြီး စီးပွါးရေး လုပ်ငန်းစုကြီးဖြစ်သည့် Tata ၏ ဥက္ကဋ္ဌဟောင်းဖြစ်ကာ ဘီလီယံနာသူဌေးကြီး ဖြစ်သည့် ဆိုင်ရပ်စ်မစ်စရီ သည် မွန်ဘိုင်းမြို့ကို လာနေစဉ် ယာဉ်မတော်တဆမှုဖြစ်ပွါးသဖြင့် သေဆုံးသွားခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။

၎င်းလိုက်ပါလာသည့် မာစီဒီးစ်ယာဉ်သည် မြစ်ကူးတံတားကို ဖြတ်နေစဉ် လမ်းလယ်ကျွန်းကို ဝင်တိုက်မိခဲ့ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဘီလီယံနာကြီး သေဆုံးခြင်းနှင့် ပတ်သက်၍ အိန္ဒိယ ဝန်ကြီးချုပ်က စီးပွါးရေးလောကအတွက် ကြီးမားသော ဆုံးရှူံးမှုဟု ပြောကြားခဲ့သည်။

သူဌေးကြီးနှင့်အတူ အခြားခရီးသည် တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူလည်း (၂) ဦးရှိခဲ့သည်ဟု အိန္ဒိယနိုင်ငံ အနောက် မဟာရက်ရှ်တြာ ပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အသက် (၅၄)နှစ်အရွယ် မစ္စတာမစ်စရီ သည် ၂၀၁၆ ခုနှစ်တွင် လုပ်ငန်းစွမ်းဆောင်ရည်အပေါ် ဝေဖန်ခံခဲ့ရပြီး Tata ၏ ဥက္ကဋ္ဌရာထူးမှ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။

ဘုတ်အဖွဲ့မှ ထုတ်ပယ်ခံရပြီးနောက်တွင် တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် Tata က အနိုင်ရရှိသွားခဲ့သည်။

အဆိုပါ ကော်ပိုရေးရှင်းကြီးသည် နိုင်ငံပေါင်း (၁၀၀)ကျော်တွင် လုပ်ငန်းလည်ပတ်နေပြီး ဆား၊ သံမဏိ၊ ဆော့ဖ်ဝဲ တို့ ရောင်းချပြီး ပြီးခဲ့သည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံ ဝင်ငွေရှိခဲ့သည်။